ကချင်က ရှမ်းစစ်ရှောင်တွေအတွက် ရိက္ခာနှင့် အဆောက်အအုံများ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။
ကချင်ပြည်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သို့ ရောက်ရှိနေကြသော ရှမ်းစစ်ရှောင်များအတွက် အစားအသောက် နှင့် နေထိုင်ရန် အဆောက်အအုံများ အကူအညီ လိုအပ်နေသည်ဟု မြစ်ကြီးနားမြို့ရှိ ရှမ်းစစ်ဘေးရှောင်များကို ကူညီနေသူများက ပြောသည်။
မြစ်ကြီးနားမြို့ရှိ ရှမ်းစစ်ဘေးရှောင် အိမ်ထောင်စု ၄,၀၀၀ နီးပါးခန့်နှင့် ဝိုင်းမော်မြို့ရှိ အိမ်ထောင်စု ၂၀၀ နီးပါးသည် ကူညီထောက်ပံ့ပေးမည့်သူ မရှိဘဲ အကူအညီများ လိုအပ်နေသည်ဟု ရှမ်းစစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။
၎င်းက “အဓိကတော့ ကျန်းမာရေး စားဝတ်နေရေး အဓိက လိုအပ်တယ်။ ရှမ်းမျိုးနွယ်စုတွေက တစ်ခါမှလည်း စစ်ဖြစ်လို့ တိမ်းရှောင်တာလည်း မဖြစ်ဘူးတော့ ကြိုတင်အစီအစဉ် ဆွဲထားတာမရှိဘူး။ နေစရာ ထိုင်စရာမ ရှိဘူး။ ဘတ်ဂျက်တွေလည်း ဘာမှမရှိဘူး။ အဓိကတော့ ငွေရေးကြေးရေး အရမ်းလိုအပ်တာပေါ့။ တကယ် လည်း ခက်ခဲပါတယ်။ နေစရာထိုင်စရာ စားစရာ သောက်စရာက အစ တကယ်ကို ခက်ခဲနေကြတာပါ။ ကူညီမယ့်သူ ရှိရင်လည်း ကူညီကြပါလို့” ဟု ပြောသည်။
အဆိုပါ ရှမ်းစစ်ဘေးရှောင်များသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ ကြားက တိုက်ပွဲများကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက စစ်ရှောင်လာသူများ ဖြစ်ပြီး ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ ၁ ကျေးရွာ၊ အောင်မြေ ၂ ကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ နှင့် နောင်တာလောကျေးရွာ၊ မြစ်ကြီးနား မြို့နယ်ထဲက တာလောကြီးကျေးရွာနှင့် ဆင်ဘိုကျေးရွာ၊ ဖားကန့်မြို့နယ်ထဲက ဆိပ်မူကျေးရွာ၊ ပန်ဝါမြို့၊ ချီဖွေမြို့ နှင့် မိုးမောက်မြို့နယ်ထဲမှ ဒေသခံများ ဖြစ်ကြသည်။
မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၂ ကျောင်းတွင် နေထိုင်နေရကြပြီး ဝိုင်းမော်မြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ဝိုင်းမော်မြို့ အောင်မင်္ဂလာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြသည်ဟု အကူအညီပေးနေသူများက ပြောသည်။
အကူအညီပေးနေသူ တစ်ဦးက “အခုချိန်ထိတော့ အဆောက်အအုံတွေကတော့ အစိုးရဆီမှာ တောင်းထားဆဲ လက်ရှိအချိန်ထိတော့ မရသေးဘူးပေါ့။ အစိုးရကနေတော့ နှစ်ကြိမ်တော့ ထောက်ပံ့တာ ရှိတာပေါ့။ ဒါပေမယ့် လုံလောက်မှုတော့ မရှိခဲ့ဘူးပေါ့။ ကျနော်တို့လူ ရှမ်းတွေကတော့ အကူအညီမဲ့နေတာပေါ့ကွာ။ အဲ့ဒါကြောင့်မို့ လောလောဆယ်ကတော့ အရင်က လှူဒါန်းမှုကလည်း တခြား ပြင်ပကတော့ လှူဒါန်းမှု မရှိခဲ့ဘူးပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းစစ်ဘေးရှောင် ပြည်သူများအတွက် အကူအညီများ လုံးဝ မလာတော့သဖြင့် စားနပ်ရိက္ခာ အပြင် အဝတ်အထည်များ၊ စောင်များနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ဝိုင်းမော်မြို့ ရှိ အောင်မင်္ဂလာ ရှမ်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦး က ပြောသည်။
“အချိန်က အလှူရှင်လည်း သိပ်မလာတော့ဘူး။ စ စရောက်တဲ့အချိန်မှာတော့ ဘုန်းကြီးတွေ ငွေရှိတဲ့လောပန် တွေလည်း ဆန်လေး-ငါး အိတ်လာပေးတယ်။ ကျမတို့က တစ်အိမ်ထောင်ကို တစ်ပြည် နှစ်ပြည်ခွဲစားတယ်၊ အခုကတော့ ဆန်လည်း လုံး လုံးမလာတော့ဘူး။ အခုမလာတာတောင်မှ နှစ်လ သုံးလလောက်ရှိပြီး ဆန်တွေ ဆီတွေ မလာတာ။”
ထို့အပြင် စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့်အမျှ နေထိုင်စားသောက်ရေးက အစ အဖက်ဖက်တွင် ခက်ခဲ လာသည့်အတွက် စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် အကူအညီများ ပေးရန်လည်း တောင်းဆိုသည်ဟု စစ်ရှောင်များက ဆိုသည်။
မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့သို့ တိမ်းရှောင် ရောက်ရှိလာသည့် ရှမ်းစစ်ဘေးရှောင်များသည် ၎င်းတို့ဒေသတွင် လက်ရှိ အချိန်အထိ စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသေးသည့်အတွက် နေရပ်ပြန် ခက်ခဲနေဆဲဖြစ်သည်ဟု ဆိုကြသည်။
ဓါတ်ပုံ – ဝါရှောင်ဆရာတော် Facebook page (ဝိုင်းမော်မြို့မှ စစ်ရှောင်စခန်းနေရာပုံ)