စက်သုံးဆီ ပြတ်သဖြင့် ဖားကန့်တွင် ကျောက်တူးလုပ်ငန်းအချို့ ရပ်နားထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။ 

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ကျောက်တူးဖော်သည့် လုပ်ငန်းရှင် အချို့ လုပ်ငန်း ရပ်နားထားရသည် ဟု ဖားကန့်ဒေသခံများက ပြောသည်။

ဖားကန့်ဒေသခံ တစ်ဦးက လုပ်ငန်းပိုင်းမှာတော့ ကျောက်တူးလုပ်ကွက်တွေ ကုမ္ပဏီတွေ တစ်ချို့တွေ နားနေရ ပြီ ဆိုတာ ဟုတ်တယ်။ ဒီဘက်ကို ဆီဖြတ်ထားတယ်ဆိုတာ သိတယ်။ ဆီဖြတ်ထားတယ် ဆိုတာကလည်း နှစ်ဖက် စလုံးက ဖြတ်တောက်ထားတယ် ဆိုတဲ့အနေအထားကို အဲလိုတော့ ကြားရတာပေါ့။ တိတိကျကျတော့ မပြော တတ်ဘူး။ လောလောဆယ်တော့ ဒီဘက်ကို ဆီဖြတ်ထားတာတော့ ကြာပြီ။ လုပ်ငန်းတွေ တစ်ချို့နဲ့ ဆီမ လှောင်ထားနိုင်တဲ့ ကုမ္ပဏီတွေ နားနေပြီဆိုတာမျိုး သိရတယ် ဟု ပြောသည်။

ဖားကန့်မြို့နယ်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ စက်သုံးဆီ ပြတ်လပ်နေခြင်း ဖြစ်သည်ဟု ဖားကန့် ဒေသခံက ဆိုသည်။

စက်သုံးဆီ သိုလှောင် မထားနိုင်သည့် လုပ်ငန်းရှင်အချို့နှင့် ကုမ္ပဏီအချို့မှာ ဆီပြတ်လပ်မှုကြောင့် လုပ်ငန်း ရပ်နားထားရခြင်း ဖြစ်သည်။

သို့သော် ဆီသိုလှောင်ထားနိုင်သည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီအချို့မှာ လုပ်ငန်းများ ဆက်လက် လည်ပတ် နေ သည်ဟု ဆိုသည်။  

ယခင်က ဓာတ်ဆီ တစ်လီတာ ကျပ် ၇,၀၀၀ ရှိခဲ့ရာ လက်ရှိတွင် ကျပ် ၁၅,၀၀၀ နှင့် ယခင်က တစ်ဂါလံ ၄၂,၀၀၀ ကျပ်ကို လက်ရှိတွင် ၉၀,၀၀၀ ကျပ် အထိ စျေးနှုန်း မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။ 

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့က ဖားကန့် – မိုးညှင်း လမ်းတွင် ဆီတင်ကားများ အား ဝင်ခွင့်မပေးသောကြောင့် ဒေသခံအချို့သည် စက်သုံးဆီကို ဆိုင်ကယ်ဖြင့် ခိုးသယ်နေကြရသည်ဟု ဖား ကန့်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက ဆီလုံးဝ မဝင်တော့တာလား ဆိုတော့ ဆိုင်ကယ်တွေနဲ့တော့ တင်နေတာပဲ။ ကားတွေ မဝင်တာပေါ့ဗျာ၊ ဒီမိုးညှင်း နန့်စီးအောင်မှာ အဲ့မှာ အရမ်းကြပ်တယ် ပြောတာပဲ။ စစ်ကောင်စီဘက်က အဲ့လိုကြောင့်မို့ ဆိုင်ကယ်နဲ့ ပဲ ခိုးလမ်းကနေ တင်နေတာ။ လမ်းကြီးကနေ လာရင်တော့ ပေးရတယ်နဲ့ တူတယ် ဟု ပြောသည်။

ဆီပြတ်လပ်မှုကြောင့် ဒေသခံအချို့နှင့် ရေမဆေးသမားများသည် ဆိုင်ကယ်ဖြင့် သွားရသည့် ခရီးကို လမ်း လျှောက်သွားနေကြရပြီး မိသားစု စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရာတွင်လည်း ပိုမို ခက်ခဲလာနေ သည်ဟု ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက လူတိုင်းက ပိုက်ဆံမရှိတဲ့ အောက်ခြေလူတန်းစား ဘဝ ဒီဆိုင်ကယ်ကို မှီခိုပြီးမှ ကျောက်ရှာတယ်။ လုပ် ငန်း လုပ်ကြတယ်။ ဒီဖားကန့် ဆိုင်းတောင် လုံးခင်းဆိုတာ ဆိုင်ကယ် မရှိရင် အလုပ်မဖြစ်ဘူးဆိုတဲ့ အနေအထား တစ်ခု ရှိထားတာ ဆိုတော့ ဆိုင်ကယ်ဆီ အခက်တွေ့သွားတယ် ဆိုရင်တော့ ပြည်သူအတွက်ကတော့ ဘယ်လိုမှ လုပ်ငန်းလည်း တွင်ကျယ်လာမှာ မဟုတ်သလို သူတို့ရဲ့ စားဝတ်နေရေးကို တော်တော်ထိခိုက် လာမယ့် အနေ အထားမှာ ရှိတာပေါ့။ အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်လာလိမ့်မယ်။ ရေမဆေးသမားတွေ ဘဝက ဒီစားဝတ်နေ ရေးအတွက်က မတွေးရဲလောက်အောင် ဖြစ်သွားပြီ ဟု ပြောသည်။

ကချင် – တရုတ်နယ်စပ်တွင် KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား အောက်တိုဘာလမှ စတင်၍ နိုဝင်ဘာလကုန်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပိတ်လိုက်သော ကြောင့် စက်သုံးဆီများ ပြတ်နေခြင်း ဖြစ်သည်။ 

ထို့အပြင် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ၊ မန္တလေးတိုင်းထဲက မြို့နယ်များနှင့် စစ်ကိုင်းတိုင်းထဲက မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်နေသော ကြောင့် လမ်းပန်းဆက်သွယ်ရေးပိုင်း မဖြောင့်ဖြူးတော့သည့်အပြင် စက်သုံးဆီကားများ ဖြတ်သန့်ခွင့်ကိုလည်း စစ်ကောင်စီဘက်က တားဆီးမှု၊ ပိတ်ပင်မှုများ လုပ်လေ့ရှိသည်ဟု ဆိုသည်။

ဓါတ်ပုံ – DVB