နိုင်ကျဉ်းမိသားစုများ ငွေညှစ်ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။ 

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ အကျဉ်းထောင်များတွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုများ ရှိနေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အကျဉ်းထောင် အာဏာပိုင်များ၏ ခြိမ်းခြောက် ငွေညစ်မှု၊ အာဏာ အလွှဲ သုံးစားမှု ဆိုင်ရာနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာထဲတွင် မွန်ပြည်လူ့ အခွင့်အရေး ဖောင်ဒေး ရှင်း (HURFOM) က ပြောဆိုထားသည်။

(HURFOM) ဒါရိုက်တာ နိုင်အဲမွန် က အဓိက နိုင်ငံရေး အကျဉ်းသားကို ပစ်မှတ်ထားပြီးတော့ မိသားစုတွေဆီက နေ ငွေမတရား ညစ်တဲ့ ကိစ္စတွေ ပိုက်ဆံပေးမှ သက်တောင့်သက်တာ နေနိုင်မယ်။ ငွေမပေးနိုင်လို့ရှိရင် ရောဂါ ဖြစ်နေပေမဲ့လည်း ဆေးကုသခွင့် မပေးတာတို့ ဟု ပြောသည်။ 

အဆိုပါ ဖြစ်စဉ်များသည် ထားဝယ်၊ ကျိုက်မရော၊ ဖားအံ(ဘားအံ) တောင်ကလေး အကျဉ်းထောင် စသည့် အကျဉ်းထောင် သုံးခုစလုံးတွင် ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေသည်ဟု နိုင်အဲမွန် က ဆက် ပြောသည်။

၎င်းက ရိုက်နှက် စစ်ဆေးတာတို့၊ ရိုက်နှက် ညှင်းပမ်းတာတို့ မတရား အနိုင်ကျင့်ပြီးတော့ အပြစ်ရှာပြီးတော့ Information တွေထပ်ပြီး တောင်းတာတို့ နောက်တစ်ခုက ငွေပေးနိုင်မှ နည်းနည်း သက်တောင့် သက်တာရှိတဲ့ နေရာတွေမှာထားတယ်။ ဆိုတော့ တောက်လျှောက် ဖြစ်နေတာ ဒီထားဝယ် အကျဉ်းထောင်၊ ကျိုက်မရော အကျဉ်းထောင်၊ ဖားအံမှာရှိတဲ့ တောင်ကလေး အကျဉ်းထောင် သုံးခုလုံးမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး အခြေအ နေ ဖြစ်နေတယ်နော် ဟု ပြောသည်။ 

နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များက ငွေမပေးနိုင်ပါက နိုင်ငံရေး အကျဉ်းသားများမှာ ညှင်းပန်းနှိပ် စက်ခံရသည်ဟု ဆိုသည်။

အကျဉ်းထောင်များရှိ ထောင်အာဏာပိုင်းများက ငွေညှစ်နေသည့်အပြင် ဆိုးရွားလာသော ပြည်တွင်း အခြေအ နေများကြောင့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများက အခက်အခဲများ ပိုဖြစ်လာစေမည်ကို စိုးရိမ် နေကြသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် နွေဦးတော်လှန်ရေးအတွင်း ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများကြောင့် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသားများသည် အခြားသော အကျဉ်းသားများထက် စနစ်တကျ ဖိနှိပ်မှု ခံနေကြရသည် ဟု HURFOM က ဆိုသည်။ 

ဒါကတော့ သေချာတယ်။ သူတို့စိတ်ရင်းမှာ ကိုယ်၌က တန်ပြန်ပြီးတော့ ကလဲ့စားချေတာ။ ဘာဖြစ်လို့ ဒီလို ဆူဆူပူပူ လုပ်ရတာလဲပေါ့နော်။ ဘာလို့ ဒီနိုင်ငံရေး တစ်ချိုးကွေ့ထပြီး သောင်းကျန်းရလဲ။ သူတို့ အပြစ်ပေး အရေးယူမှုတွေပေါ့နော်။ အဲ့လိုမျိုး နိုင်ကျဉ်း တစ်ယောက်က ဝင်လာပြီဆို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တစ်ခြား မသက်မသာနေရတဲ့ အနေအထားတွေအထိ ဖန်တီးပြီးမှ လုပ်လေ့ရှိတယ်။ ဂိုဏ်စတားတွေ ထား တယ်။ ဖိနှိပ်တယ်။ တစ်ချို့ ဆိုလို့ရှိရင် Sexual harassment လုပ်ခံရတဲ့ အခြေအနေထိ ရှိပါတယ်။ အမျိုးသမီး အကျဉ်း သားတွေပဲ မဟုတ်ဘူး။ အမျိုးသား အကျဉ်းသားတွေလည်း အဲ့လိုမျိုး ဖြစ်တာ ရှိတယ်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကို ထောင်အာဏာပိုင်းများမှ မတရား အလုပ်စေခိုင်းမှုများလည်း လုပ် နေကြသည် ဟု ဆိုသည်။

လက်ရှိ ထားဝယ် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ အယောက် ၁၀၀၀ ခန့် ရှိပြီး ထက်ဝက်ခန့်မှာ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများ ဖြစ်သည်ဟု HURFOM က ဆိုသည်။

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား ဆေးဝါးကုသခွင့် မပေးခြင်း၊ သင့်တင့် လျောက်ပတ်ပြီး အာဟာရပြည့်မှီသည့် အစာရေစာ မပေးခြင်း စသည် ဖိနှိပ်မှုများ အပြင် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း များကိုလည်း လုပ်ဆောင်နေသည် ဟု နိုင်အဲမွန်က ဆိုသည်။

ထို့အတူ အဆိုပါ အကျဉ်းထောင်များ ဖျားနာလာသည့်အချိန် ဆေးဝါးကုသမှု လျှောက်ထားရာတွင်လည်း  နိုင်ငံရေး အကျဉ်းသားများကို လစ်လျူရှုထားလေ့ ရှိသည် ဟု နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေသူ များက ဆိုသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားများအား ယခင်နည်းဟောင်းကို အသုံးပြုပြီး ညှင်းပန်းနှိပ်စက်မှု လုပ်နေမှုများကို နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်ပြီး စောင့်ကြည့်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီ ကော်မတီ ICRC၊ နိုင်ငံတကာနှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို ထောက်ပံ့ကူညီပေးနေသည့် အေဂျင်စီများ၊ အလှူရှင်များ သိရှိစေရန် အကျဉ်းထောင်များရှိ အခြေအနေကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု နိုင်အဲမွန်က ပြောသည်။