စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း စစ်ကောင်စီနှင့် ပအိုးဝ် ပြည်သူ့စစ်ကို PNLA စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့မှ ဒေသခံ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူး လွန်နေသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က ပြောသည်။
ပအိုဝ်းဒေသအတွင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်နှင့် လင်းခေးခရိုင်ထဲက မောက်မယ်မြို့နယ်တို့တွင် ဆက်တိုက် ကျူးလွန်နေခြင်း ဖြစ်သည်ဟု PNLA က ပြောသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် PNO/PNA တို့သည် ယခုရက်ပိုင်းအတွင်း ပအိုဝ်းဒေသရှိ ပြည်သူလူထု များကို စစ်ရေး ပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်နေသည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံ က ပြောသည်။
“အခုဆိုရင်တော့ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေက ပအိုဝ်းရွာတွေကို စစ်ကြောင်း တွေ ထိုးပြီးတော့မှ ဗုံးကြဲ၊ လေယာဉ်တွေ ဒရုန်းတွေ အသုံးပြုပြီးတော့မှ ပြည်သူလူထုတွေ ရဟန်းသံဃာတွေ ကို ပစ်ခတ်သတ်ဖြတ် ဖျက်ဆီးတာတွေ လုပ်နေတော့ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်လာနေပါတယ်။”
စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ ၂ စင်းဖြင့် မောက်မယ်မြို့နယ်ထဲက ဟိုနမ့်ကျေးရွာအုပ်စုထဲရှိ ပအိုဝ်းကျေး ရွာ ၂ ရွာကို တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်က ဗုံးကြဲ တိုက်ခိုက်ခဲ့ သည်ဟု PNLA က ဆိုသည်။
ခွန်ရိန်းယံက “ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်နယ်မြေ အတွင်းရှိ မောက် မယ်မြို့နယ် ဟိုနမ့်ဒေသမှာတော့ မနက် ၄ နာရီအချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံး ၁၄ လုံး ကြဲချသွားတယ်ပေါ့နော်။ တစ်ကြိမ်ကို ဗုံး ၇ လုံး ကြဲချသွားတယ်။ အဲဒီမှာ နှစ်နေရာ ကြဲချသွားတယ်။ ပအိုဝ်း ရွာ နှစ်ရွာကိုပေါ့လေ။ တစ်ရွာကတော့ ဘာမှမဖြစ်ဘူး။ တစ်ရွာကတော့ နေအိမ် ၁၁ လုံးကျော် ထိသွားတယ်။ လူထိတာတော့ မရှိဘူးပေါ့လေ။ လူကတော့ ရှောင်ကုန်ပြီပေါ့။ တိမ်းရှောင်ကုန်တော့ လူတွေ ထိခိုက်မှု မရှိဘူး ဆိုပေမယ့် အိမ်တွေတော့ ပျက်စီးသွားတာ ရှိပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့၏ မြေပြင်ထိုးစစ်၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ပြော သည်။
အလားတူ ဆီဆိုင်မြို့နယ် ဆီဆိုင် – လွိုင်ကော် လမ်းမကြီးပေါ် ရှိ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာလ ၃၀ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်က ထီးစဲခါး ရေတံခွန်ကျောင်းမှ ဆရာတော်၏ ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသေးသည်။
ထိုပစ်ခတ်မှုကြောင့် ထီစဲးခါး ကျောင်းဆရာတော်သည် အပစ်ခံခဲ့ရသည့် နေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး ကားပေါ် တွင် ပါလာသည့် အခြားဆရာတော် ၂ ပါးသည်လည်း ပြင်းထန်ဒဏ်ရာများ ရခဲ့သည်။
ခွန်ရိန်းယံ က “ထီးစဲခါး ရေတံခွန်ကျောင်းက ဆရာတော်ပေါ့လေ ဆရာတော်ကားနဲ့ပဲ ဆီဆိုင်မြို့ဘက်ကို အလာ ပေါ့နော် အောင်သာရရွာမှာရှိတဲ့ စစ်ကောင်စီက ဝိုင်းပစ်လိုက်တာကို ဆရာတော်က ပျံလွန်တော်မူ သွားတယ်။ တစ်ခြား ဆရာတော်နှစ်ပါးလည်း အပြင်းအထန် ဒဏ်ရာရသွားတယ်ပေါ့နော်၊ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာက တော့ လွိုင်ကော် – ဆီဆိုင် လမ်းမကြီးပေါ်မှာ ဖြစ်တယ်။ အဲဒီမှာက စစ်ကောင်စီ စိုးမိုးထားတဲ့ နယ်မြေတွေ ဖြစ်တယ်၊ ပြီးတော့ အောင်ကလပ်ရွာကလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ဖြစ်ပါတယ်၊ ဘာကြောင့် ပစ်တာလဲတော့ မသိဘူးပေါ့လေ” ဟု ပြောသည်။
ထိုပစ်ခတ်မှုသည် စစ်ကောင်စီတပ်မှ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း ထီစဲးခါးဘုန်းကြီးကျောင်းအား စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ဖူးသည်။ ထီစဲးခါးဘုန်းကြီးကျောင်းအား ပစ်ခတ်ခြင်း မလုပ်ရန် ဆရာတော်မှ စစ်ကောင်စီတပ်အား သွားရောက် မေတ္တာရပ်ခံခဲ့ဖူးသည်ဟု ခွန်းရိန်းယံက ဆိုသည်။
ထို့အတူ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့် ကျေးရွာ အုပ်စုထဲတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ PNO တို့က ထီဖက်နမ်ကျေးရွာက အိမ်များ အား မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၄ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု PNLA က ပြောသည်။
စစ်ကောင်စီတပ်နှင့် PNA/PNO ပြည်သူ့စစ်အဖွဲ့တို့သည် ပအိုဝ်းရဟန်းတော် သံဃာတော်များ၏ မေတ္တာ ရပ်ခံချက်ကို လျစ်လျူရှု ပစ်ပယ်ပြီး နိုဝင်ဘာလ (၂၀) ရက်နေ့မှ စတင်ကာ PNLA တပ်စခန်းရှိသည့် ဟိုနမ့် ကျေးရွာအုပ်စုဘက်သို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အပြင် ပအိုဝ်းပြည်သူများအား ဖမ်းဆီးခြင်း၊ ပအိုဝ်း ပြည်သူများ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းများကို လုပ်လာသည်ဟု PNLA ဆိုသည်။
ဓါတ်ပုံ – ပုံဟောင်း