ကရင် စစ်ရှောင်များအတွက် ၆ လစာရိက္ခာ အကူအညီ ဒေါ်လာ ၁၁၄ သန်းလိုအပ်ကြောင်း KPSN ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။ 

ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲတွင် စစ်ဘေးရှောင်ဦးရေ တစ်သန်းကျော် အထိတိုး လာခဲ့ပြီး ထိုစစ်ဘေးရှောင်များအတွက် နှစ်ဝက်စာ အမေရိကန်ဒေါ်လာ ၁၁၄ သန်း အရေးတကြီး အကူအညီ  လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်ကူပြု ကွန်ယက် (KPSN) က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ KNU ထိန်းချုပ် နယ် မြေထဲတွင် စစ်ဘေးရှောင်ဦးရေ ၁ သန်းကျော်အထိ တိုးလာသည်ဟု “တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်” အစီရင် ခံစာထဲတွင် ကရင်ငြိမ်းချမ်းရေး အထောက်ကူပြု ကွန်ရက် (KPSN) က ပြောဆိုထားသည်။

ထိုစစ်ဘေးရှောင် တစ်သန်းကျော်အတွက် အကူအညီ လိုအပ်မှုများနှင့် ပတ်သက်၍ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီ က ယခုကဲ့သို့ ပြောသည်။ 

၎င်းက ဒါကလည်း USD ၁၁၄ သန်း လိုအပ်တယ်လို့ ပြောတဲ့အခါမှာ တစ်နှစ်စာကို ကျမတို့တွေက cover နိုင် တာ မဟုတ်ဘူးလေနော်။ ဘာဖြစ်လို့လဲဆို ဒါ ၆ လစာပဲ။ အခုလောလောဆယ် ကျမတို့ပေးနိုင်တာတွေ ဆိုရင် တောင်မှ funding ကို ပေးနိုင်ရင်တောင်မှ တစ်လကနေ ၃ လစာအထိပဲ ကျမတို့က လုပ်ဆောင်နိုင်တယ်။ ဆို တော့ funding တွေ အများကြီး လိုအပ်တယ်ဆိုတာ ကျမတို့က ထောက်ပြထားတယ်ပေါ့နော်ဟု ပြောသည်။

စစ်ရေးပဋိပက္ခများအပြင် ယခုနှစ် အတွင်းဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် စပါးခင်းများ ပျက်စီးမှု များ နှင့် ပိုးကျမှုများကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းများ ပိုပြီးဖြစ်ပေါ်လာစေသည်ဟု နော်ချယ်ရီက ဆက် ပြောသည်။

လွန်ခဲ့တဲ့ ဇူလိုင်ကနေ စက်တင်ဘာလအထိ ရေကြီးရေလျှံမှုတွေ ဖြစ်ထားတဲ့အပြင် အခုခရိုင် အသီးသီးမှာ လည်း ဒုက္ခတွေ ထပ်ကြုံနေရတယ်ဆိုတော့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ အိမ် တွေ အဲဒီအခက်ခဲတွေကြောင့်မလို့ စစ်ရှောင်တွေကလည်း တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စားနပ်ရိက္ခာ တွေ လုံလောက်မှု မရှိဘူး။ ဒါသူတို့အတွက် အဓိက ကြီးမားတဲ့ စိန်ခေါ်မှုပေါ့နော်။

KNU ထိန်းချုပ် နယ်မြေများဖြစ်သည့် တောင်ငူ (တောအူး)၊ ဖာပွန်(မူတြော်)၊ ဖားအံ နှင့် သထုံ (ဒူးသထူ) ခရိုင် များတွင် ဇူလိုင်လမှ စက်တင်ဘာလ အထိ မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးရေလျှံမှုများကြောင့် စပါး ခင်းများ ပျက်စီးခဲ့သည့်အပြင် အများအပြားလည်း ပိုးကျခဲ့သည့်အတွက် ပျက်စီး ဆုံးရှုံးမှုများခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။ 

ထို့ကြောင့် စစ်ဘေးရှောင်များ နေထိုင်စားသောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ကူညီထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ရသည်ဟု နော်ချယ်ရီ က ဆိုသည်။

အထူးသဖြင့် ကျမတို့ KNU ခေါင်းဆောင်တွေနဲ့ ညှိပြီးတော့မှလည်း ကျမတို့ ကရင်လူမှုအဖွဲ့အစည်း Karen CBO အဖွဲ့အစည်းတွေ အချင်းချင်းညှိပြီးတော့မှ နယ်စပ်ဖြတ်ကျော်နိုင်ရေး ချိတ်ဆက်ပြီးတော့ လုပ်တာရှိတယ် အဓိက target ထားတာကတော့ ဆန်တွေ ဝယ်နိုင်ဖို့အတွက် ဆန်ရယ် ဆီရယ်ပေါ့နော်။ အဓိက ကျမတို့ ထောက်ပံ့ပေးတယ်။ ပြီးတော့ ဒါကတော့ ကျမတို့ နယ်စပ်ကနေ ဝယ်ပြီးတော့ လုပ်တာမဟုတ်ဘူး။ သူတို့ ကိုယ်တိုင် ကျမတို့ Cash distribution ပေးပြီးတော့မှ သူတို့ကိုယ်တိုင် သွားပြီးတော့မှ ဝယ်နိုင်ရေးကိုပဲ ကျမ တို့ ဦးစားပေး ပြီး လုပ်ရတဲ့အဆင့်ထိ လုပ်ရတယ်ပေါ့နော်။ အဖွဲ့အစည်းတွေနဲ့ ညှိပြီးတော့မှ Low Profile နဲ့ပဲ စစ်ရှောင်တွေ အတွက် ကူညီပေးနေရပါတယ်ရှင့်။

၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်း ကရင်လူထု အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတကာရှိ ကရင်လူထုများထံမှ ရရှိသော အကူအညီများဖြင့် စစ်ဘေးရှောင် ၉ သိန်းကျော်အား ကူညီထောက်ပံ့မှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု KPSN က ဆိုသည်။

လုထုအချင်းချင်း အကူအညီပေးနေသည့် အခြားတစ်ဖက်တွင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက  စစ်ကောင်စီနှင့် ပူးပေါင်းပြီး အစိုးရ အချင်းချင်း ချိတ်ဆက်ဆောင်ရွက် လုပ်ဆောင်နေခြင်းကြောင့် အမှန်တစ် ကယ် အကူအညီ လိုအပ်နေသူများထံ ကူညီထောက်ပံ့မှု ရောက်ရှိမှုကလည်း နည်းနေသည်ဟု KPSN က ပြောသည်။

ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် နယ်စပ် ဖြတ်ကျော် အကူအညီပေးရေးကို ပိုမိုလုပ်ဆောင်ပေး ရန်နှင့် ဒေသအတွင်းရှိ အကူအညီပေးနေသူများနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်ရန် စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုထားကြသည်။