စစ်မှုထမ်းရန်အတွက် လူငယ်များအား ဖမ်းဆီးနေကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။
မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို အတင်းအကြပ် ဖမ်းဆီးမှုများ လစဉ် ဆက်တိုက် လုပ်နေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ဒါရိုက်တာက ပြောသည်။
ယခုနောက်ပိုင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ်များတွင် စစ်မှုဝင်ထမ်းမည့်သူများ လူတွေ မရှိသောကြောင့် မွန်ပြည်ဘက်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အကြား လူငယ်များကို ဖမ်းဆီးနေသည်ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၇ အတွက် သတ်မှတ်ထားသည့် လူဦးရေ ပြည့်မှီရန် လူငယ်များကို အတင်းအကြပ် ဖမ်းဆီးသည့် ကိစ္စရပ်များအား ပိုလုပ်လာနေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ ဒါရိုက်တာ နိုင်အဲမွန် က ပြောသည်။
“အခု ဆိုလို့ရှိရင် အပတ်စဉ် ၇ ဖွင့်ဖို့ လုပ်နေပြီ။ စစ်မူမထမ်းခင် သူက စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတွေ တက်ခိုင်းတာကိုး။ ဆိုတဲ့ခါကြ အဲ့ဒီအရေအတွက် ပြည့်မှီဖို့ကို တစ်ဖက်ကလည်း မိဘတွေကို မြူဆွယ်တယ်။ ပြီးလို့ရှိရင် ခြိမ်းခြောက်တယ်။ ပြီးလို့ရှိရင် မတရားဖမ်းဆီးတယ်။ တစ်ခြားသောနည်းနဲ့ သူတို့ အရေးယူတာ ရှိတယ်။ ဥပမာ ယောက်ျားလေးဆို နှစ်ယောက် မစီးရတာတို့၊ ဆိုင်ကယ် ဦးထုပ် မဆောင်းတာ တို့ အဲ့လောက်အမှုလေးနဲ့တင် သူတို့ ဖမ်းဆီးပြီးတော့ စစ်သင်တန်းကို အတင်းပို့လိုက်တဲ့ ဖြစ်ရပ် တွေ ရှိတယ်။ ဆိုတော့ ဒါတော်တော်များများ ဖြစ်နေတယ်။”
ဒေသန္တရ အမိန့်ဖောက်ဖျက် ကျူးလွန်ခဲ့သည်ဟု ဆိုကာ ပေါင်မြို့နယ်ထဲတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းအချိန်က လူငယ်အယောက် ၂၀ နီးပါးကို ဖမ်းဆီးလိုက်ပြီး စစ်သားစုဆောင်းရေးကို ပို့ခဲ့သည်ဟု ဆိုသည်။
စစ်မှုထမ်းရန်အတွက် အတင်းအကြပ် ဖမ်းဆီးမှုများကို ပေါင်မြို့နယ်ထဲတွင် အများဆုံး လုပ်နေသည် ဆိုသော အချက်အလက်များကို ရရှိထားသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။
“မွန်ပြည်နယ် ပေါင်မြို့နယ်က များတယ်ပေါ့နော်။ ဒီအယောက် ၂၀ လောက်က အဲ့မြို့နယ်က ဖြစ်ခဲ့တယ်။ ပြီးလို့ရှိရင် တစ်ခြား လေးငါးခြောက်ယောက်၊ လေးငါးခြောက်ယောက်ကျတော့ ဒီ သံဖြူဇရပ်မြို့နယ်၊ မုဒုံ မြို့နယ်၊ နောက်တစ်ခုက ဘီးလင်းမြို့နယ်၊ မော်လမြိုင်မြို့နယ် အသီးသီး ဖြစ်ကြတယ်။”
စစ်မူထမ်း ဥပဒေ စတင်လိုက်သည့် အချိန်မှ လက်ရှိအချိန်အထိ မွန်ပြည်တွင် စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခံရသူ လူအရေအတွက် ၈၀၀ နီးပါးခန့်ရှိသည်ဟု HURFOM တာဝန်ရှိသူက ဆက် ပြောသည်။
နိုင်အဲမွန်က “ဖမ်းတာရော အတင်းသွတ်သွင်းတာရော ကျနော်တို့ တွေ့ရတာကတော့ မွန်ပြည်နယ်မှာ ဆိုလို့ရှိရင် စစ်မှုထမ်း ခိုင်းခံရတဲ့ အရေအတွက်က ၆၉၀၊ ၇၀၀ နီးပါး လောက် ရှိတယ်။ ဒါပေမဲ့ ဖမ်းတဲ့ case က လစဉ် အနည်းဆုံး မရှိဘူး ဆိုလို့ရှိရင် ၃၀ ၊၃၂၊ ၃၅ အဲ့လို အသီးသီး လနဲ့ချီ ရှိတာကိုး။ ဆိုတော့ Batch 6 အခု ဆိုလို့ ရှိရင် Batch 7 ဖွင့်ဖို့ လုပ်နေပြီ ။ ဆိုတော့ အဲ့ Batch 7 အထိက မွန်ပြည်နယ်မှာက ၇၉၀၊ ၈၀၀ လောက် ရှိတယ်။ ဖမ်းတဲ့ case က လစဉ် ၃၀၊ ၄၀ အခုပြီးခဲ့တဲ့ အောက်တိုဘာ နိုဝင်ဘာ ဆိုလို့ရှိရင် ၂ လ ခွပြီးတော့ ပြောရမယ် ဆိုလို့ရှိ ရင် case ပေါင်း ၅၀ ကျော်လောက် ရှိတယ်“ ဟု ပြောသည်။
ရှေ့ပိုင်းတွင် လုပ်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ်များအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များက လူပွဲစားများမှ တဆင့် ငွေကြေးပေး ငှားရမ်းပြီး လူခေါ်နိုင်ခဲ့ကြသော်လည်း အပတ်စဉ် ၅ မှစ၍ လူခေါ်၍ မရသောကြောင့် ဒေသန္တအမိန့်ဖောက်ဖျက်မှုနှင့် ဖမ်းဆီးပြီး စစ်မှုထမ်းခေါ်ခြင်းကို လုပ်လာသည်ဟု ပေါင်မြို့ခံ တစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီ၏ စစ်မူထမ်းသင်တန်းက လက်တွေ့တွင် အဖြစ်သဘော လုပ်နေပြီး စစ်ရေး သင်ကြား လေ့ကျင့်ပေးမှု မဟုတ်ဘဲ အမိန့်ကိုနာခံရန် လုပ်နေခြင်းသာ ဖြစ်သည်ဟု HURFOM က ဆိုသည်။
ထို့ကြောင့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူများကို တိုက်ခိုက်ရေးတွင် အသုံးပြုခြင်းမျိုးအပြင် လူသားဒိုင်းကာ အတွက် စစ်ကြောင်း အရှေ့က သွားခိုင်းခြင်းမျိုးများ လုပ်နေသည်ဟု နိုင်အဲမွန်က ဆိုသည်။
မွန်ပြည်မှာ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ မှ ၆ အထိ တပ်သားသစ် စုဆောင်းခံရသည့် လူငယ်အနည်းဆုံး အယောက် ၁၃၀၀ နီးပါးအထိ ရှိခဲ့သည်ဟု HURFOM ၏ စာရင်းများအရ သိရသည်။