၂၀၂၄ တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ တိုးလုပ်လာကြောင်း NUG ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်။
စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ၂၀၂၄ ခုနှစ်ထဲတွင် တိုး၍ လုပ်ဆောင်လာသည်ဟု အမျိုး သား ညီညွှတ်ရေး အစိုးရ NUG က ပြောသည်။
နှစ်ဆန်းမှ အောက်တိုဘာလ အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂,၆၄၈ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုအရေအတွက်သည် ယခင်နှစ်များထက် ပိုများသည်ဟု NUG သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောသည်။
“၂၀၂၀ အတွင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်မှု ၄၄၄ ကြိမ် ပဲရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၁၁၆၀ ထိ ရှိလာခဲ့ ပြီးတော့ ဒီနှစ် ၂၀၂၄ ခုနစ် အောက်တိုဘာလကုန် အထိဆိုရင် ၂၆၄၈ ကြိမ် လေကြောင်းကနေ တိုက်ခိုက်တာ ရှိလာ နေပါပြီ။ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ရှင်းရှင်းပြောရရင် ဒီနှစ်တောင် မကုန်သေးဘူး အရင်နှစ်က ထက် ရာခိုင်နှုန်း ၁၃၀ လေကြောင်း တိုက်ခိုက်မှု အကြိမ် ပိုများလာပါတယ်။”
ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာနေသည့်အတွက် အရပ်သား ပြည်သူလူထုများကို ဦးတည်ကာ လေကြောင်းမှ တစ်ဆင့် တိုက်ခိုက်မှုများကို စစ်ကောင်စီက အရှိန်အဟုန်မြင့် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု NUG က ဆို သည်။
အဆိုပါ ပြောဆိုမှုကို အမျိုးသားညီညွတ်ရေး အစိုးရ၏ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း” သတင်းထုတ်ပြန်မှု အစီအစဉ်တွင် အမျိုးသား ညီညွှတ်ရေး အစိုးရ သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးကျော်ဇော် က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အာဏာသိမ်းချိန်မှ စတင်၍ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးခဲ့သည့် အရေအတွက်ကလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုများလာသည်ဟု ဦးကျော်ဇော် က ပြောသည်။
ဦးကျော်ဇော် က “လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄,၀၀၀ နီးပါး သေကြေဒဏ်ရာ ရခဲ့ပါ တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူလူထုများ နေထိုင်သည့် ကျေးရွာများ၊ စစ်ဘေးရှောင် နေရာများ၊ ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်တိုက် လုပ်နေသည်ဟု ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်အုပ်စုထံသို့ ငွေကြေးစီးဆင်းမှု၊ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှုများအား ဖြတ်တောက်ပေးမှသာ အရပ်သား ပြည်သူများ၏ အသက်ကို အကာအကွယ် ပေးနိုင်မည့်အပြင် ဒေသအတွင်း တည်ငြိမ်မှု အတွက်ကိုလည်း အထောက်အကူပြုမည်ဟု NUG က ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကချင်ပြည်၊ ကရင်ပြည်၊ ကရင်နီပြည် စသည့် ဒေသများထဲသို့ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ စစ်အာဏာသိမ်းစမှ ယနေ့အချိန်အထိ ဖြစ်သည်။
ဓါတ်ပုံ – ပုံဟောင်း (KARENNI PEOPLE VOICE)