နုန်းမြေဖုံးလွှမ်းမှု အမြင့်ဆုံး ဖြစ်ခဲ့သည့် မယ်ဆိုင်ရေကြီးမှုမှာ ရှမ်းအရှေ့ပိုင်းက ရွှေနှင့် သတ္တု တူးဖော်မှုများ ကြောင့်ဟု ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်။

ရှမ်းပြည်ထဲက ရွှေနှင့်သတ္တု တူးဖော်မှုများကြောင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ရေကြီးမှုတွင်း နုန်းမြေဖုံးလွှမ်းမှု အမြင့်ဆုံးဖြစ်ခဲ့သည်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုများက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။

ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အနီး၌ ရွှေနှင့်သတ္တု တူးဖော်မှုများကြောင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် အောက်တိုဘာလအတွင်း ရေကြီးပြီးနောက် နုန်းမြေများ ဖုံးလွှမ်းမှု အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ထိုင်းအစိုးရဘက်က လေ့လာတွေ့ရှိထားသည်ဟု SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ပြောသည်။

ရေကြီးတာက မယ်ဆိုင်မှာ ဒီလို ရေကြီးတာကတော့ ခဏခဏကြီးတယ်။ ဒီနှစ်မှာက နုန်းတင်တာတွေရယ် နုန်းထုက အကြီးဆုံး အထူဆုံး ဖြစ်ခဲ့ပြီးမှလည်း ဒီနှစ်က အဆိုးဆုံးဖြစ်ခဲ့တယ်။ အရင်တုန်းက ဖြစ်တယ်။ ဒါ ပေမယ့် ဒီလောက် မဆိုးဘူးလို့ ပြောလို့ရမယ်။ ဒါက ပညာရှင်တွေ တွေ့ရှိထားတာ ကျမတို့ သုတေသန ပညာ ရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်အရ ဒီလိုမျိုးဖြစ်တာပါလို့ ထိုင်းဘက်က ပြောတာ ဟု ပြောသည်။

ရေကျသွားပြီးနောက် တင်ကျန်နေသည့် နုန်းမြေ အမြင့်မှာ ၄၁၀၀ ကုဗမီတာ ရှိပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အပြင် မြန်မာနိုင်ငံဘက်ခြမ်းက တာချီလိတ်မြို့တွင်လည်း နုန်းမြေများ ဖုံးလွှမ်းခဲ့သည်။

ထိုင်းနိုင်ငံ၏ သဘာဝအရင်းအမြစ်ဌာနကလည်း စက်တင်ဘာလအတွင်း လေ့လာတွေ့ရှိချက်အရ မယ်ဆိုင်မြို့ မြောက်ပိုင်း၊ မြန်မာ-ထိုင်း နယ်စပ်ဒေသ တစ်လျှောက်က ရေကြီးရေလျှံမှုအတွင်း နုန်းမြေများ တင်ကျန်မှုနှင့် မြေပြိုမှုများသည် ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့် ဖြစ်သည် ဟု ထုတ်ပြန်ထားကြောင်း ပြောသည်။

ရှမ်းပြည် အရှေ့ပိုင်းရှိ ရွှေတူးဖော်ရေး လုပ်ငန်းများသည် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်များ၏ အကျိုး စီးပွားများ အတွက်သာ ဖြစ်သည်ဟု SHRF က ဆိုသည်။

မိုင်းဆတ်မြို့သည် ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အတွင်း စီးဆင်းနေသည့် မယ်ဆိုင်မြစ်တွင် ရွှေနှင့် သတ္တုများ တူးဖော်နေခြင်း ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် တူးဖော်မှုများ ပိုမိုမြင့်တက်လာကြောင်း SHRF ပြောရေးဆို ခွင့်ရှိသူ က ပြောသည်။

ယိင်းလျန်းဟန် က ရွှေတူးဖော်မှု လုပ်ကွက်တွေ ၂၀၂၁ နောက်ပိုင်းမှာ ပိုများလာတယ်။ ရွှေတူးတာကတော့ ၂၀၀၆ ၂၀၀၇ က တည်းက စပြီးတူးနေပြီ။ ဒါပေမယ့် နောက်ပိုင်းက ပိုပိုများလာတယ်။ ပိုပိုပြီးဆိုးလာတယ်။ နောက်တစ်ခုက တရားမဝင် တူးဖော်တာတွေ တရားမဝင် တူးဖော်တာတွေက အထိန်းအကွပ်မဲ့ တူးဖော်တာတွေ ပိုပြီးမှာ ဒီ၂၀၂၁ နောက်ပိုင်းမှာ ပိုများလာတာပါ ဟု ပြောသည်။

ထို့အပြင် ရှမ်းပြည်ဘက်ထဲမှ မဲခေါင်မြစ်အတွင်း စီးဆင်းနေသည့် နမ့်ခုတ်၊ နမ့်လင်း မြစ်ထဲတွင်လည်း ကျောက် မီးသွေး၊ မန်းဂနိစ် နှင့် ရွှေတူးဖော်မှုတို့မှ ထွက်လာသည့် ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး အခြေအနေက ထိခိုက်မှုများ ရှိလာနိုင်သည်ဟု ယိင်းလျန်းဟန် က ဆက်ပြောသည်။

ဒေသခံတွေရဲ့ ကျန်းမာရေးပေါ့နော် ရေရှည်ဒီလိုမျိုး ဒီလိုသတ္တုတူးဖော်မှုတွေ ရွှေတူးဖော်မှုတွေကနေ ထွက် လာမယ့် စွန့်ပစ်ပစ္စည်းရေတွေ စွန့်ပစ်သတ္တု အညစ်အကြေးတွေနဲ့ ကြုံတွေ့နေရမယ် ဒီရေတွေကို သုံးဆွဲနေရ မယ် ဒီရေတွေကို စိုက်ပျိုးရေးမှာ သုံးဆွဲနေရမယ်ဆိုရင် ကျန်းမာရေးက ပိုပိုပြီးတော့မှ ဆိုးရွား လာနိုင်တယ် ဟု ပြောသည်။

မိုင်းခုတ်ဒေသတွင်းရှိ နမ့်ခုတ်မြစ်တလျှောက်တွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီဖြစ်သည့် Sahakol Equipment Co.Ltd (SQ) နှင့် မြန်မာ ရွှေရေကန် (Golden Lake Co.Ltd) တို့ ပူးပေါင်းပြီး ကျောက်မီးသွေး တူးဖော်ရန် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ကြသည်။

ထိုပအပြင် နမ့်ခုတ်မြစ် အထက်ပိုင်း၊ မိုင်းဆတ်မြို့ တောင်ဘက်တွင် ၂၀၂၃ ခုနှစ်မှ စတင်၍ တရုတ်ကုမ္ပဏီ (၇) ခု ‘ဝ’တပ်ဖွဲ့ UWSA နှင့် ချိတ်ဆက်ကာ ရွှေတူးဖော်မှုများကို လုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများမှာ ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှာ လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။

ယခုနှစ် စက်တင်ဘာတွင်း ဖြစ်ခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်မြို့များ ဖြစ်သည့် မယ်ဆိုင်နှင့် တာချီလိတ်မြို့တို့က ရေကြီးရေလျှံမှုများထဲ ထောင်နှင့်ချီသော ပြည်သူများ ရွှေ့ပြောင်းခဲ့ကြရသည့်အပြင် အိုးအိမ်များ၊ လမ်းတံတားများအပြင် စိုက်ပျိုးမြေများ၊ လယ်ယာများ ပျက်စီးမှု စံချိန်တင်ခဲ့သည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်ထဲ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရေကြီးမှုမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွား ဆုံးရေကြီးမှု ဖြစ်ခဲ့သည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။