မိုင်းနင်းမိသည့် အမျိုးသမီးတစ်ဦး ခြေတစ်ဖက်ဆုံးရှုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာ ကားလမ်းပေါ်တွင် ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်း မိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ကမ်းတိုကျေးရွာဟောင်းတွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် မသန္တာဦးဆိုသူမှာ ရမ်းဖိုကျေးရွာအနီး ကားလမ်း ဘေးတွင် နိုဝင်ဘာလ  ၂၉ရက်နေ့ နံနက် ၁၀ နာရီခန့်က ခြေနင်းမိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်။

ခြေနင်းမိုင်းနင်းမိခဲ့သူ မသန္တာဦး အပါအဝင် ကမ်းတိုရွာသူ ၇ ဦးမှာ ခြေလျင် ဈေးဝယ်သွားကြခြင်း ဖြစ်ပြီး ကျန် သူများမှာ ထိခိုက်မှုမရှိဘူးဟု ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ကမ်းတိုရွာသားတစ်ဦးက သူတို့အားလုံး အားလုံးလမ်းလျှောက်ပြီး ပြန်လာကြတာပါ၊ အရှေ့လူတွေက မနင်းမိဘဲ သူ့ကြမှ ကံဆိုးပြီး သွားနင်းမိလိုက်တာ။ မသန္တာဦးရဲ့ ဘယ် ဘက် ခြေဖမိုး တစ်ခုလုံး ကြေမွသွားတယ်။ လက်ရှိ မြိတ်ဆေးရုံကြီးကို ပို့လိုက်တယ် ဟု ပြောသည်။ 

ရမ်းဖိုကျေးရွာမှာ ဘန်းလမွတ်ကျေးရွာ အုပ်စုအတွင်းမှ ဖြစ်ပြီး အနီးရှိ ဘန်းလမွတ်ကျေးရွာအနီးတွင်လည်း နိုဝင်ဘာလအတွင်း မိုင်းထိသည့် ဖြစ်စဥ် နှစ်ခုရှိခဲ့သည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ဘန်းလမွတ်ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးတို့ ဥယျာဥ်ခြံ အတွင်းမှ ဆိုင်ကယ်ဖြင့် အိမ်ပြန်လာစဥ် မိုင်းထိခဲ့သည်ဟု ဒေသခံ ရွာသားများက ဆိုသည်။

ထို့အပြင် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း ဆိုင်ကယ်နှင့် ဥယျာဥ်ခြံထဲသွားခဲ့သူ ဘန်းလမွတ်ရွာသား အသက် ၃၀ ခန့်အရွယ် အမျိုးသား တစ်ဦးမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပျက်စီးသွား ရှိခဲ့သေး သည်။

အဆိုပါ မြေမြုပ်မိုင်းထိခဲ့သည့် ဖြစ်စဥ် ၂ ခုစလုံးတွင် ဆိုင်ကယ်ဖြင့် သွားလာကြသူများ ဖြစ်ခဲ့သောကြောင့် ဆိုင်ကယ်များသာ ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ပေ။

ယခုနိုဝင်ဘာလအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့စဥ်က ဘန်းလမွတ်ကျေးရွာအုပ်စုထဲရှိ လမ်းများပေါ်တွင် မြေမြှုပ်ခြေနင်းမိုင်းများ ထောင်ထားခဲ့ကြောင်း ရွာသားများက ပြောသည်။