မီဇိုရမ်ရောက် မြန်မာစစ်ရှောင်များကို အိန္ဒိယအစိုးက ဆန်ထောက်ပံ့မှု စပေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။

အိန္ဒိယအစိုးရက မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့မှုများကို စတင်ပေးနေပြီလို့ ချင်းစစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများက ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးပတ်တွင် နေရာအချို့တွင် စတင်ထောက်ပံ့ပေးပြီး ကျန်နေရာများကိုလည်း ကူညီ ထောက်ပံ့မှုများ ပေးရန် အသင့် ရှိနေပြီဟု ချင်းစစ်ဘေးရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “အိန္ဒိယဗဟိုအစိုးရက ရူပီးငွေသိန်း ၅၀၀ တန်ဖိုးရှိတဲ့ ဆန်ကို မီဇိုရမ်ပြည်နယ်မှာ ရောက်နေတဲ့ စစ်ဘေး ရှောင်တွေကို ကူညီမယ်လို့တော့သတင်းရပါတယ်၊ ပြီးရင် အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန ကနေ သူ့ရဲ့ Food Supply ဆိုတဲ့ဌာနကနေ သူတို့က ဖြန့်ဝေပေးမယ်လို့တော့ ပြောပါတယ်ဟု နိုဝင်ဘာလ ၂၇ ရက်နေ့က ပြောသည်။

မြန်မာစစ်ဘေးရှောင်များ ရှိသည့် ခရိုင် ၁၁ ခုကို ကူညီထောက်ပံ့ပေးသွားမည် ဟု စစ်ဘေးရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူက ဆက်ပြောသည်။

ပြီးရင်တော့ အဲဒီမီဇိုရမ်မှာကတော့ ၁၁ ခုလောက်ကို ပြန့်ကြဲနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုက်ပွဲရှောင်တွေ အတွက်ကတော့ ၁၁ ခုအထိကို DC (District commission) ကနေတစ်ဆင့် သူတို့ရဲ့ Food supply ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ကနေဖြန့်ဝေမယ် ပြီးတော့ District ၁၁ ခုမှာ အဲဒီရူပီး ငွေသိန်း ၅၀၀ တန်ဖိုးရှိတဲ့ဆန်ကိုတော့ District ၁၁ ခုထိကို အားလုံးရောက်ပြီလို့တော့ပြောပါတယ် ဒါပေမယ့် ဖြန့်ဝေတဲ့ အပိုင်းကတော့ သူတို့ရဲ့အစီစဉ်နဲ့ဖြန့် ဝေမယ်လို့တော့ ဒီ ဒီဇင်ဘာလအတွင်းမှာ ဖြန့်ဝေမယ်လို့တော့ ကျနော်တို့ သုံးသပ်ပါတယ်။”

အန္ဒိယ အစိုးရက ထောက်ပံ့သော မက်ထရစ်တန်ချိန် ၁,၃၇၉ ကျော်ရှိသည့် ဆန်များမှာ စစ်ဘေးရှောင်များနေ ထိုင်သည့် မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုရှိ ဂိုထောင်များသို့ ရောက်ရှိပြီဟု ဆိုသည်။

အိန္ဒိယ အစိုးရက မြန်မာစစ်ဘေးရှောင်များ အတွက် ဆန်ကူညီ ထောက်ပံ့မှုကို နိုဝင်ဘာလ ၁၁ ရက်နေ့က လောက်တလိုင်ခရိုင်ရှိ စစ်ဘေးရှောင် စခန်းတစ်ခုတွင် စတင်ဖြန့်ဝေပေးနေပြီဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် တာဝန်ရှိသူ အမျိုးသားက ပြောသည်။

“လောင်တလိုင် District မှာကတော့ စပြီးတော့ ဖြန့်နေပြီဆိုတာ ကျနော်တို့တွေ့ရတယ်။ ကျန်တဲ့ District တွေမှာကတော့ သူတို့ရဲ့ ဒေတာ အချက်လက်နဲ့ သူတို့ လုပ်နေတုန်းပဲ ဖြစ်မယ်ထင်တယ်။ ဒါကြောင့်ပဲတစ်ခြား District မှာ ဖြန့်တယ်ဆိုတာကတော့ မတွေ့ရသေးဘူး။ လောင်တလိုင် District မှာကတော့ စပြီးတော့ ဖြန့်နေပြီလို့တော့ ပြောပါတယ်။”

သတ်မှတ်ချက်အရ စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၃၁ ဒဿမ ၅ ကီလို (၁၄ ပြည်နီးပါး) ရရှိမည်ဖြစ်ပြီး ယခု ထောက်ပံ့မည့် ဆန်များကို ခရိုင်အုပ်ချုပ်ရေးမှူးများမှ ဦးစီး၍ ပြည်နယ် ပြည်ထဲရေး ဝန်ကြီးဌာန စီစဥ်သတ်မှတ် ချက်များအတိုင်း ဝေငှသွားမည် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ စစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ ခုတွင် ပြန့်ကြဲနေထိုင်သော မြန်မာနိုင်ငံမှ စစ်ဘေး ရှောင် အယောက် ၃၃,၀၀၀ ကျော် ခိုလှုံနေကြပြီး အိုက်ဇောခရိုင်၊ လောင်တလိုင်ခရိုင်၊ ဆိုင်းသွားလ်ခရိုင်၊ ကျမ်ဖိုင်းခရိုင် တို့တွင် အများဆုံးနေထိုင်ကြသည်ဟု စစ်ဘေးရှောင်အရေး လုပ်ဆောင်နေသူက ပြောသည်။

အိန္ဒိယအစိုးရမှ တစ်ဆင့် စစ်ဘေးရှောင်များအား ထောက်ပံ့ပေးသော အကူအညီမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပမာဏ အနေဖြင့် အများဆုံး ပေးအပ်သည့် အကူအညီဖြစ်သည်ဟု ဆိုသည်။

“ဒီတစ်ခါ အိန္ဒိယအစိုးရကနေ ဆိုတဲ့ဟာက ကျနော်အနေနဲ့ ပထမဆုံးလို့တော့ ဒီလို မှတ်ချက်တော့ မပြုလိုပါ ဘူး။ လွန်ခဲ့တဲ့ ၂၀၂၂ မှာလည်း ရူပီးသိန်း ၃၀၀ လား အဲ့လိုမျိုး ဖြန့်ပေးဖူးတဲ့ဟာ ရှိတယ်။ အဲဒီအပြင် အခု ရောက်လာတဲ့ ဟာက ဆန်ကို ပြောရမယ်ဆိုရင်တော့ ဆန်ကို တသမတ်တည်း ဆန်ကိုဝေပြီးမှ ဝေပြီးမှ ဖြန့်မယ် ဆိုတဲ့ဟာကတော့ ဒီဟာကတော့ ဒုတိယအကြိမ် ဖြစ်မယ်လို့ပဲ ကျနော်ကတော့ မှတ်ချက်ပြု ပြောချင်ပါတယ်။ ဒီပမာဏ အနေနဲ့ကတော့ စားနပ်ရိက္ခာလို့ ပြောလို့ရမယ်ပေါ့နော်။ ဒီအပိုင်းကတော့ ပမာဏ အများဆုံးပဲ။”

လက်ရှိ မီဇိုရမ်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များသည် ချင်း – အိန္ဒိယ နယ်စပ်တစ်လျှောက်ရှိ ကျေးရွာ များမှ အများစု လာရောက် ခိုလှုံနေကြသူများ ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်မှု မရှိသေးသည့်အပြင် လေကြောင်း အန္တရာယ်များလည်း ရှိနေသေးသည့်အတွက် နေရပ်သို့ ပြန်လည်နေထိုင်ရန် အခက်အခဲများ ရှိနေသေးသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

မီဇိုရမ်ရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း များတွင် အခက်အခဲများ ကြုံနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

အိန္ဒိယနိုင်ငံသည် ခိုလှုံခွင့် တောင်းခံသူများ၏ အခွင့်အရေးများနှင့် အိမ်ရှင်နိုင်ငံများ၏ တာဝန်များကို သတ်မှတ် ပေးသည့် 1951 United Nations Refugee Convention တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုကို မရရှိသည့်အတွက် စစ်ဘေးရှောင်များအတွက် ကူညီ ထောက်ပံ့မှုများပုံမှန် ပေးအပ်နိုင်ရန် အခက်အခဲများ ရှိနေသည်ဟု စစ်ရှောင်ကူညီသူများက ဆိုသည်။

Photo-Government of Mizoram