တနင်္သာရီမြို့ရှိ မြို့အဝင်ဂိတ်တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား ဖမ်းဆီးငွေညှစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
တနင်္သာရီမြို့ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်တစ်ဂိတ် ဖြစ်သည့် ဗိုလ်ချုပ်ကြေးရုပ်အနီးမှ မြို့အဝင်အထွက်ဂိတ်က လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်နေသည်ဟု ယာဥ်မောင်းသူများက ပြောသည်။
စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာသည့် ကားများနှင့်ဆိုင်ကယ်များ အားလုံး ကို နိုဝင်ဘာလအတွင်းမှ စတင်ပြီး လိုင်စင်များပါ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် မြိတ် – ကော့သောင်းခရီးသည်တင် ယာဥ်မောင်းတစ်ဦးက “အမှုဖွင့်တာတို့ အရေးယူ ဆောင်ရွက်တာတို့ လုံးဝမရှိပါဘူး၊ ဖမ်းဆီးပြီးရင် ငွေတောင်းတယ်၊ ညှိနှိုင်းပြီးတာနဲ့ ချက်ချင်း ငွေကြေးယူပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။
ယခင်က မြိတ် – တနင်္သာရီ – ဘုတ်ပြင်း – ကော့သောင်း ကားလမ်းမတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် များတွင် ခရီးသွားလာသူများ၏ မှတ်ပုံတင်၊ ခရီးသွားထောက်ခံစာ၊ အိမ်ထောင်စုမိတ္တူ၊ ပစ္စည်းစာရင်းများနှင့် ရပ်ကျေး ထောက်ခံစာများကို စစ်ဆေးခဲ့သော်လည်း ယာဥ်လိုင်စင် စစ်ဆေးဖမ်းဆီးခြင်းမျိုး မရှိခဲ့ကြောင်း ခရီးသွား လာသူတစ်ဦးက ဆိုသည်။
တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်စစ်ဆေးရေးဂိတ်တွင် ကား၊ ဆိုင်ကယ်များ၏ လိုင်စင်များကို ပြီးခဲ့သည့်လမှ စတင်၍ စစ်ဆေးလာခဲ့ခြင်းဖြစ်ပြီး လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်နေခဲ့ခြင်း ဖြစ်သည်။
လိုင်စင်မဲ့ဆိုင်ကယ်ဆိုပါက အနည်းဆုံး ကျပ်တစ်သိန်းနှင့် လိုင်စင်မဲ့ကားကို ကျပ်ငါးသိန်း အထိပေးနေကြရ ကြောင်း ဒေသခံများကပြောသည်။
ဖမ်းဆီးငွေညှစ်နေခြင်းများကြောင့် ကော့သောင်း – ဘုတ်ပြင်းမြို့များဘက်မှ လိုင်စင်မဲ့ ကုန်တင်ကားအချို့ ကုန် တင်ပို့မှု ရပ်နားထားရကြောင်း ယာဉ်မောင်းအချို့က ဆိုသည်။
ယခုဒီဇင်ဘာလအတွင်း မြိတ်မြို့သို့ ပို့ဆောင်နေသည့် လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များ ပို့ဆောင်ပေးနေ
သည့် လမ်းကြောင်းကလည်း ရပ်တန့်သွားသည်ဟု မြိတ်မြို့မှ ကားနှင့်ဆိုင်ကယ် ဝယ်/ရောင်း လုပ်ကိုင်နေသူများ က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မြိတ်မြို့ပေါ်ရှိ လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် စစ်ကောင်စီတပ်မှ လိုက်လံ ဖမ်းဆီးခဲ့သေးသည်။