ကော်သူးလေတပ်မတော်က KNU တပ်မဟာ ၄ ၏ ဒုတပ်ခွဲမှူး အသတ်ခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က ဒုတပ်ခွဲမှုးတစ်ဦးကို ထားဝယ်မြို့နယ် အရှေ့တော ဒေသတွင် အခြေစိုက်ထားသည့် ကော်သူးလေ တပ်မတော် – KTLA တပ်ရင်း ၃ မှ ဒုတပ်ရင်းမှူးနှင့် အဖွဲ့က ပစ်သတ်လိုက် သည်ဟု KNU တပ်မဟာ(၄) မြိတ် – ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ပစ်သတ်ခံရသူမှာ ထားဝယ်ခရိုင် အခြေစိုက် KNU တပ်မဟာ ၄၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၂ တပ်ခွဲ ၄ မှ အသက် ၅၀ အရွယ်ရှိသူ ဒုတပ်ခွဲမှူး စောဖားဂျိုး ဆိုသူ ဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်နေ့က စောဖားဂျိုးသည် ကစယ်ဒိုမြို့နယ်မှ KNU အုပ်ချုပ်ရေး အရာရှိ တစ်ဦးကို လယ်ဒိုစိုး မြို့နယ်သို့ ဆိုင်ကယ်ဖြင့် သွားပို့ပြီး အပြန် ညနေ ၅ နာရီအချိန်ခန့်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု ပဒိုစောအယ်နားက ဆိုသည်။

တနင်္သာရီတိုင်း အခြေစိုက် ကော်သူးလေတပ်မတော် ဆာကဆောတပ်မ၊ တပ်ရင်း ၃ မှ ဗိုလ်ဒါးကေနှင့် ၎င်း၏ လက်အောက်ခံ ရဲဘော်များက ဒုတပ်ခွဲမှူး စောဖားဂျိုးကို မည်သည့် ရန်ညှိုးရန်စမျှ မရှိဘဲ အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပစ်သတ်ခဲ့ပြီးနောက် စောဖားဂျိုး၏ ရုပ်အလောင်းကို အညာဖျားကျေးရွာမှတဆင့် လမ်းတစ်ဆက်တည်းပေါ်ရှိ ဥယျာဥ်ကြီးကျေးရွာ ကြိုးတံတားအနီး၌ မြေမြှုပ်ခဲ့ကြသည်ဟု ရွာသားများက ဆိုသည်။

အသက် ၄၀ ခန့် အရွယ် ရွာသားတစ်ဦးက ခြေထောက်ကို အရင် ပစ်ချိုးလိုက်တာ၊ ပြီးမှ ဆွဲခေါ်သွားပြီးမှ နဖူး ကို သေနတ်နဲ့ ပစ်သတ်လိုက်တာပါ၊ လမ်းပေါ်မှာ ဆွဲခေါ်သွားတဲ့ နေရာတွေကျန်ရစ်ခဲ့တယ် ဟု ပြောသည်။

ဗိုလ်ဒါးကေတို့ အဖွဲ့က ဒုတပ်ခွဲမှူး စောဖားဂျိုးကို ပစ်သတ်ခဲ့ပြီးနောက် ၎င်းတို့ အခြေစိုက်သည့်နေရာမှ တိမ်းရှောင်သွားသည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း အရှေ့တောဒေသရှိ ကော်သူးလေ တပ်မတော် (တပ်ရင်း ၃) ဂိတ် အနောက်ဘက်တွင် သံတိုသံစ အဟောင်းများ လာဝယ်သည့် ထားဝယ်မြို့မှ ဦးသန်းကြွယ်၊ ဦးမြင့်လွင်၊ ဦးဆန်နီတို့သုံးဦးကို လည်လှီးသတ်ဖြတ်ခံထားရသည့် ဒဏ်ရာများနှင့် တွေ့ ရှိခဲ့သေးသည်။

အဆိုပါ သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသားသုံးဦးကိုလည်း KTLA တပ်ရင်း (၃) က ဗိုလ်ဒါးကေတို့ တပ်ဖွဲ့ကပင် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်ရှိ သတင်းအရင်းအမြစ်များက ဆိုသည်။