စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ခမရ – ၅၅၆ တပ်ရင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အချင်း ချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တပ်ရင်းနှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီ၏ ခမရ – ၅၅၆ တပ်ရင်းအတွင်း တနင်္သာရီမြို့ စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) အဖွဲ့ဝင်များနှင့် ခမရ – ၅၅၆ မှ တပ်သားအချို့တို့ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီခန့်က အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တပ်ရင်းထဲမှ ညဦးပိုင်းတွင် သေနတ်ပစ်ခတ်သံ အချက် ၃၀ ခန့် ဆက်တိုက်ကြားခဲ့ရကြောင်း ဇဝဲကျေးရွာသား များက ပြောသည်။
အသက် ၃၅ နှစ် အရွယ် ဇဝဲကျေးရွာသားတစ်ဦးက “ညဘက်ကြီးတပ်ထဲက သေနတ်သံတွေ ဆက်တိုက် ကြားရ တော့ တိုက်ပွဲဖြစ်တာလို့ ထင်လိုက်သေးတယ်၊ မနက်မိုးလင်းကြမှ သူတို့အချင်းချင်းပစ်ကြတာလို့ သိရတယ်၊ ထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့ မသိရသေးဘူး” ဟု ပြောသည်။
ဇဝဲရွာသားများ၏ ပြောပြချက်အရ ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခြင်းမှာ ဇဝဲ – ဖာနီကျေးရွာသွား ကားလမ်းပိုင်း ကို ပိတ်ချခဲ့ခြင်းနှင့် သက်ဆိုင်နေသည်ဟု ဆိုကြသည်။
ဒီဇင်ဘာလ ၄ ရက်နေ့က ဇဝဲကျေးရွာမှ တကူကျေးရွာအုပ်စုဘက်သို့ သွားသည့် ကားလမ်းမပေါ်ရှိ ဖာနီကျေးရွာ ကားလမ်းပိုင်းပေါ်က ကွန်ကရစ်တံတား ၂ စင်းကို စစ်ကောင်စီ၏ ခမရ – ၅၅၆ တပ်ရင်းမှ မြေဖို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ဇဝဲ – ဖာနီကျေးရွာ ကားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ခမရ – ၅၅၆ တပ်ရင်းနှင့် တနင်္သာရီမြို့ စရဖ အဖွဲ့များ ပူးပေါင်းကာ စားသောက်ကုန် သယ်ယူသူများအား ငွေကြေးကောက်ခံကြသည်ဟု ဆိုသည်။
စစ်တပ်ဂိတ်ကို ဖြတ်ပြီး ကုန်သယ်ယူရန်အတွက် ဆန်တစ်အိတ်ကို ကျပ်နှစ်သောင်း၊ တစ်ဂါလံဝင် ဓါတ်ဆီ တစ်ပုံကို ကျပ်တစ်သောင်း၊ စားသောက်ကုန် တင်သည့် ကားများကို ကျပ်နှစ်သိန်းမှ ကျပ်ငါးသိန်းအထိ ကောက်ခံလေ့ ရှိသည်ဟု ရွာသားများက ပြောသည်။
ဇဝဲ – ဖာနီကျေးရွာသွား ကားလမ်းကို ပိတ်ချရခြင်းမှာ ဂိတ်မှ ကောက်ခံသည့် ငွေကြေးကို ခွဲဝေရာတွင် အဝေ မတည့်ခြင်းကြောင့် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
လမ်းပိုင်းမပိတ်ချခင် တစ်ရက်အလို ဒီဇင်ဘာ ၃ ရက်နေ့ညက တကူကျေးရွာအုပ်စုဘက်သို့ စားသောက်ကုန် ပစ္စည်း တင်ပို့နေသည့် ဇဝဲကျေးရွာအုပ်စု၊ ဆန်းသစ်ရွာသား ၄ ဦးကိုလည်း တနင်္သာရီမြို့နယ် စရဖတပ်ဖွဲ့ဝင်များ က ဖမ်းဆီးခဲ့သေးကြောင်း ရွာသားများက ဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင် ခမရ – ၅၅၆ တပ်ရင်းမှ တပ်ကြပ်ကြီး၏ မိန်းမဖြစ်သူ ဒေါ်ဝင်းကြူဆိုသူလည်း ပါဝင်ပြီး ဦးမျိုး၊ ဦးမင်းသူနှင့် ဒေါ်မီးကင်း တို့ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ခမရ – ၅၅၆ မှ တပ်ကြပ်ကြီးကို တပ်တွင်းမှာပင် ဖမ်းဆီးထိန်းသိမ်းထားပြီး အမျိုးသမီးဖြစ်သူ ဒေါ်ဝင်းကြူနှင့် ကျန်သည့် ၃ ဦးကိုမူ တနင်္သာရီမြို့နယ်၊ အောက်ကင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၇ တပ်ရင်းထဲတွင် ဖမ်းဆီးထားသည်ဟု ဆိုကြသည်။