နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်းတစ်ခုကို KTLA ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
စစ်ရေး အခြေအနေ တင်းမာနေသည့် တနင်္သာရီမြို့နယ်ထဲရှိ ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်း ကို ကော်သူးလေတပ်မတော် (KTLA) ဘက်မှ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည်ဟု မောတောင် မြို့ခံများက ပြောသည်။
ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတွင် အချိန်မရွေး စစ်ဖြစ်လာနိုင်သည့်အတွက် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ပြီး ဖြတ်သန်းခွင့်ပိတ်မည်ဟု ဆိုကာ ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် KTLA ဘက်က ထုတ်ပြန် ခဲ့ခြင်း ဖြစ် သည်။
အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “မနေ့က မနက်မှာ တကယ်ပဲ ပိတ်ချလိုက်တာပါ၊ ထုတ်ပြန်ထား လိုက်ကတည်းက တချို့က မြိတ်ဘက်နဲ့ ထိုင်း နယ်စပ်ဘက် ရှောင်တိမ်းဆင်းပြေးကုန်ပြီ။ ဖုန်းလိုင်းကလည်း မရတစ်ချက် ရတစ်ချက်နဲ့ နေရာတိုင်းလည်း ဆက်မရဘူး” ဟု ပြောသည်။
မောတောင်မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့က မြို့ပြင်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို လက်ရှိနေရာမှ သုံးရက်အတွင်း ဆုတ်ခွာပေးရန်နှင့် မဆုတ်ခွာပါက စစ်ရေးအရ အရေးယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် ခြိမ်းခြောက် အကြောင်းကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထုံခါကျေးရွာနှင့် မောတောင်မြို့၊ အုပ်ချုပ်ရေးရုံးအနီးတွင် ရှိနေသည့် ကော်သူးလေ တပ်မတော် စစ်ဆေးရေး ဂိတ်များက ဆုတ်ခွာပေးသွားမည် မဟုတ်ဘဲ စစ်ကောင်စီတပ်ကို စောင့်ကြည့်ပြီး တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် အချိန်မရွေး စစ်ဖြစ်လာနိုင်ခြင်းကြောင့် ထုတ်ပြန်ထားသည့်အတိုင်း ပိတ်ခဲ့ခြင်းဖြစ် ကြောင်း KTLA နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေး တပ်များကို ဆုတ်ခွာပေးရန် အကြောင်းကြားခဲ့သည့်နေ့ မတိုင်မှီကပင် စစ်ကောင်စီတပ် ဘက်က စစ်ရေးလှုပ်ရှားမှုများကို စတင်နေပြီဟု ဆိုသည်။
မောတောင်မြို့ပြင်ရှိ ဘော်လုံးကွင်းဘေးမှ ဘုရားတောင်ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ က လက်နက်ကြီး အထိုင်ချထားပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က အတင်းအဓမ္မ ခေါ်ယူကာ စစ်သင်တန်းပေးခဲ့သည့် ကုန်တင်ကုန်ချ လုပ်သားများကိုလည်း တောင်ပေါ်သို့ ပို့ဆောင်ထားသည်ဟု မောတောင်မြို့ခံများက ဆိုသည်။
ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပေးမည့် အချိန်ကိုလည်း ပြန်လည်၍ အသိပေးမည် ဖြစ်ကြောင်း ကော်သူးလေ တပ်မတော် က ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။