လွိုင်ကော်သို့ မပြန်သေးရန် စစ်ရှောင်ကူညီသူများ တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်။
လက်ရှိ မြေပြင် အခြေအနေများအရ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် လုံခြုံမှု မရှိသေးသည့်အပြင် တိုက်ပွဲ များလည်း အချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် နေရပ်သို့ပြန်ရန် မသင့်တော်သေးကြောင်း စစ်ဘေးရှောင် များအား အကူအညီပေးသူများက စစ်ဘေးရှောင်များကို တိုက်တွန်း ပြောဆိုလိုက်သည်။
လွိုင်ကော်မြို့ရှိ ရပ်ကွက်အချို့တွင် ပြန်နေ၍ ရပြီဟု စစ်ကောင်စီက လွိုင်ကော်ဒေသခံများကို ပြန်ခေါ်နေသော် လည်း အချိန်မရွေး အန္တရာယ်ကြား ကျရောက်နိုင်သည့်အတွက် ပြန်မနေကြရန် စစ်ဘေးရှောင်များကို တိုက် တွန်း ပြောဆိုရခြင်းဖြစ်သည်ဟု ကရင်နီ စစ်ဘေးရှောင်များကို ကူညီနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော် မင်းထိုက် က ပြောသည်။
“ဒီလွိုင်ကော်မြို့ဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေချာပါတယ် တိုက်ပွဲတွေက အပြင်းအထန်း ပြန်ဖြစ်မယ်။ နောက်ကြိုကြား ကြိုကြားတွေ စစ်ရေးလှုပ်ရှားမှု တွေက အမြဲတမ်းလိုလို ရှိနေမှာပေါ့နော။ အဲ့ဒီလို အရေး ကြုံလာပြီဆိုရင် အကြမ်းဖက် စစ်ကောင်စီဆိုတာ က ပြည်သူကို ဒိုင်း သေချာပေါက် လုပ်မှာပဲ။ သူက ဘယ် လောက်ထိ ယုတ်မာမလဲ ရက်စက်မလဲ၊ ညှင်းပန်းမလဲ ဆိုတာ ကျနော်တို့ ကြိုပြီးတော့ မြင်နေရတဲ့ သာဓက တွေ ရှိတယ်ပေါ့နော်။ ဒါကြောင့်မို့ ဒီလွိုင်ကော်မြို့ပေါ် ရပ်ကွက် ၅ ခုကို အကြမ်းဖက် စစ်ကောင်စီက ဖိတ် ခေါ်တဲ့ အပေါ်မှာ ပြည်သူတွေက လုံးဝ လုံးဝကို မသွားသင့်ဘူးလို့ ကျနော် ပြောချင်ပါတယ် ခင်ဗျ။”
လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သည့် နောင်ယား(က) ရပ်ကွက်၊ နောင်ယား (ခ) ရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ ထေးသမရပ်ကွက်နှင့် ဒေါဥခူရပ်ကွက် အတွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ပြီ ဟု စစ်ကောင်စီက ပြော သည်။
ထိုရပ်ကွက်များအတွင်း ပြန်လည် ဝင်ရောက်နေထိုင်လိုသည့် ဒေသခံပြည်သူများ အနေဖြင့် လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (နာရီစင် အနီး) ရုံးသို့ သတင်းပေးပို့ စားရင်းသွင်း၍ ပြန်လည်နေထိုင် နိုင်ကြောင်း နိုဝင်ဘာ လထဲတွင် စစ်ကောင်စီက ကြေညာထားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက လွိုင်ကော်မြို့တွင် ပြန်နေ၍ရပြီဟု ကြေညာထားသည့် အပေါ် ဒေါဥခူရပ်ကွက်မှ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းသို့ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက သူမ၏ သဘောထားကို ယခုကဲ့သို့ ပြောသည်။
ဒေါဥခူရပ်ကွက်မှ စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက “အဒေါ်က ပြန်မလာဘူး။ ပြန်မလာရဲသေးဘူး။ တစ်နှစ် နှစ်နှစ် နေအုံးမယ်။ အခြေအနေ ကောင်းမှ အဒေါ်ပြန်မှာ။ အခြေအနေ မကောင်းသရွေ့တော့ မပြန် နိုင်ဘူးနော်။ စိတ်မချဘူးနော်။ အဒေါ် သဘောက ဒီလိုပဲ လုံးဝမပြန်သေးဘူး” ဟု ပြောသည်။
မပြန်သေးဘဲ အခြေအနေကို စောင့်ကြည့်နေသည့် လွိုင်ကော်ဒေသခံများ ရှိသလို ပြန်နေရန် စဉ်းစားထား သူ အနည်းအကျဉ်းလည်း ရှိသည်ဟု လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လွိုင်ကော်ဒေသခံ အမျိုးသားက “ ဒီမြို့ပေါ်က တစ်ချို့ပဲ ပြန်နေဖို့ရှိမယ်။ အများအားဖြင့်တော့ နိုးကိုး အုပ်စု ဘက်နဲ့ ဒီဘာဒိုတို့ ဒီဒေါဥခူတို့က တစ်ချို့တော့ ပြန်နေမယ်ထင်တယ်။ အဲ့ဒီ အဓိက အထဲပိုင်းရောက်တဲ့ သူတွေပဲ ပြန် နေမယ်။ ဒီတစ်ခြားမြို့ပေါ် ဌေးငှားလျားတို့၊ နာနတ်တောတို့ဆို သိပ်ပြန်မနေဘူးပေါ့နော်။ မြို့ထဲမှာ လောက်ပဲ သူတို့ ပြန်နေတယ်” ဟု ပြောသည်။
လက်ရှိ မြေပြင် အခြေအနေများအရ စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးရသည့် နယ်မြေများကို ပြန် လည် ရယူရန်အတွက် လာမည့် ပွင့်လင်းရာသီတွင် ထိုးစစ်များကို လုပ်လာနိုင်သောကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် ကရင်နီပြည်ထဲတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်အတွက်လည်း လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် ပြည်သူလူထုများအား စည်းရုံးဖိတ်ခေါ်နေပြီး သန်းခေါင်စာရင်း ကောက်ယူမှုများကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်သည့်နောက် လွိုင်ကော်မြို့က ဒေသခံများသည် စစ်ဘေးလွတ်ရာ ဒေသ များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် အခက်အခဲ များနှင့် ကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။
စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲလာသည့်အတွက် နေရပ်ပြန်ရန် စဉ်းစားထားသူများ လည်း ရှိသည်ဟု စစ်ဘေးရှောင်များက ပြောသည်။