ဟုမ္မလင်းရောက် စစ်ရှောင်များ အကူအညီလိုအပ်နေ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော်အတွက် အစားအသောက် နှင့် ဆေးဝါး အကူအညီများ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်ပြီး လက်ရှိမှာ အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက“အဓိက အခက်အခဲကတော့ သူတို့နေထိုင်ဖို့အတွက် ယာယီတဲ မိုးကာပေါ့နော် အဲ့ဒါလိုအပ်မယ်၊ ဆောင်းတွင်း ကာလလည်း ရောက်လာပြီ ဖြစ်တဲ့အတွက် အဓိက ဝမ်းစာရေး အတွက် ဆန်၊ ဆီ၊ ဆားပေါ့ ကုန်ခြောက်လေးတွေ ပြီးတော့ အမျိုးသမီးတွေ အတွက်လည်း အမျိုးသမီး အသုံး အဆောင် ပစ္စည်းတွေပေါ့။ စားဝတ်နေရေးနဲ့ ဆေးဝါးရယ် နေထိုင်ဖို့အတွက် ယာယီတဲပေါ့။ အဲ့ဒါတော့ မဖြစ်မနေ လိုအပ်တဲ့ အရာပါပဲ” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာခန့်က ပြည်သူလူထုများ ဖြစ်သည်ဟု စစ်ရှောင်ပြည်သူများကို ကူညီပေးနေသူများက ပြောသည်။
ရွှေပြည်အေးမြို့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။
စစ်ဘေးရှောင် ပြည်သူများသည့် ဟုမ္မလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးများ၏ နေအိမ်များတွင် နေ ထိုင်နေကြသလို အချို့မှာလည်း အိမ်ငှားနေကြရသည်ဟု ဆိုသည်။
လက်ရှိမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စစ်ဘေးရှောင်များသည် အခက်အခဲများနှင့် ကြုံနေရသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူက ဆက်ပြောသည်။
“အစအစ အရာရာ ကုန်ဈေးနှုန်းက အရမ်းကြီးတယ်လေ။ ကုန်ဈေးနှုန်း ကြီးတာ တစ်ပိုင်းရယ်၊ စစ်ဘေးရှောင် ဖြစ်တဲ့အတွက် သူတို့မှာလည်း အခက်အခဲများစွာ ဖြတ်သန်းပြီးတော့မှ လာရှောင်နေတာ ဖြစ်တဲ့အတွက် ငွေရေးကြေးရေးက တော်တော်လေး ခက်ခဲတယ်။ လမ်းကြောင်းပိတ်ထားလို့ ရေကြောင်း ကုန်းကြောင်းတွေ အကုန်လုံး ပိတ်ထားတဲ့ အခါမှာကြတော့ အစအစ အရာအရာ ကုန်ဈေးနှုန်းကြီးတာပေါ့။”
ဟုမ္မလင်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ်တို့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ အကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပါက မုံရွာမြို့နှင့် ဟုမ္မလင်းမြို့ကို အဓိက ဆက်သွယ်ထားသည့် ချင်းတွင်းမြစ် ရေကြောင်းလမ်းအား ပိတ်လိုက် ခြင်းကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိ ဟုမ္မလင်းမြို့တွင် ဆန်တစ်အိတ်ကို ကျပ်သုံးသိန်း နီးပါးရှိပြီး ဓာတ်ဆီတစ်လီတာ ကျပ် တစ်သောင်းခွဲ စျေးရှိနေသည်ဟု ဟုမ္မလင်းမြို့ခံ တစ်ဦးက ပြောသည်။
ဟုမ္မလင်းဒေသခံက “ကုန်ဈေးနှုန်းက ဆန်တစ်အိတ် ၃ သိန်းဝန်းကျင်မှာ ရှိတယ်။ ဓာတ်ဆီတို့ ဒီဇယ်တို့က ဈေးတက်တယ်။ တစ်လီတာ တစ်သောင်းခွဲရှိမယ်။ ကုန်းဈေးနှုန်းက ဈေးကြီးတော့ သယ်ယူစရိတ် အရမ်း များတာပေါ့။ ဆေးဝါး ပါမယ်၊ ဈေးက တစ်နေ့နဲ့တစ်နေ့ မတူဘူး ဖြစ်နေတယ်။ လမ်းပိတ်တဲ့ အချိန်ဆိုရင် လေယာဉ်နဲ့ သယ်တာလည်းရှိတယ်။ အဲဆိုဈေးများတယ်။ မြို့ခံတွေတောင်မှ တော်တော်လေး ရုန်းကန်နေ ရတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ နောက်ပြီး သူတို့က တစ်ခြားနယ်ကနေပြီးတော့ စစ်ရှောင်လာကြတော့ ဆေးခန်းပြဖို့ကစအ အခက်အခဲ ဖြစ်ကြတယ်ပေါ့” ဟု ပြောသည်။
ဟုမ္မလင်းမြို့သည် ကုန်စည်ပစ္စည်းများအား မုံရွာမြို့မှ ချင်းတွင်းမြစ် ရေကြောင်းလမ်းဖြင့်သာ အဓိက သယ်ယူ နေရသည့် မြို့ဖြစ်သည်။
ချင်းတွင်းမြစ် အနီးက မုံရွာ – ဟုမ္မလင်းတို့တွင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများ တပ်မတော် SNA နှင့် KIA PDF ပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသောကြောင့် ရေကြောင်းလမ်းကိုလည်း လနှင့်ချီ ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ – ရှမ်းနီအသံ (ပုံဟောင်း)