ရွှေဘိုထောင်တွင် ထောင်ဝင်စာတွေ့ရန် ပိုက်ဆံပေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို အကျဉ်းထောင်တွင် အကျဉ်းသားများ ဧည့်တွေ့ခွင့် ရရှိရန်အတွက် မိနစ် ၃၀ (နာရီဝက်) အတွက် ငွေကျပ် သုံးသိန်း ပေးဆောင်နေကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ယက် (PPNM) က ပြောသည်။ 

ရွှေဘို အကျဉ်းထောင်တွင် နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ အကျဉ်းသားများ ဧည့်တွေ့ခွင့် ရရှိရေးအတွက် မိသားစုများမှ နာရီဝက်လျှင် ငွေကျပ် ၃ သိန်း ပေးဆောင်ရသည့် အပေါ်  PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ပြောသည်။

ကိုသိုက်ထွန်းဦးက နိုဝင်ဘာလ ဒုတိယပတ်လောက် ကစပြီးမှတော့ ထောင်အာဏာပိုင်က သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးမှ တကယ်တော့ အကျဉ်းသား အခွင့်အရေးပေါ့နော်။ ဒီနာရီဝက်ကို ၃သိန်းကတော့ တခြားရာဇ ဝတ်တွေထဲက မိသားစုဝင်တွေကတောင်မှ ငွေကြေး တတ်နိုင်တဲ့ မိသားစုတွေ တွေ့နေတာတော့ရှိတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ တစ်ချို့လည်း နောက်ဆုံးမရတဲ့ အဆုံး သူတို့ တွေဖို့ပြင်ဆင်နေကြ တာတော့ ကျနော်တို့ ကြားသိနေရပါတယ် ခင်ဗျ ဟု ပြောသည်။

ဧည့်တွေ့ခွင့်သည် အကျဉ်းသားများ၏ အခွင့်အရေးတစ်ရပ် ဖြစ်သော်လည်း ရွှေဘိုအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဧည့်တွေ့ နိုင်ရန်အတွက် မိသားစု ဝင်များထံမှ ငွေကြေးတောင်းခံမှုများ လုပ်နေကြခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ယခုကဲ့သို့ ထောင်အာဏာပိုင်များမှ ငွေကြေးတောင်းခံ နေမှုများကြောင့် အကျဉ်းသားများ၏ မိသားစုများသည် ဧည့်တွေ့နိုင်ရန်အတွက် အခက်အခဲ ဖြစ်စေသည်ဟု ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ဆက် ပြောသည်။

လက်ရှိ အထွေထွေ အကြပ်အတည်း ကာလမှာ အဆင်မပြေဘူးပေါ့နော်။ စားဝတ်နေရေးတောင် မနည်း ကြိုး စားပြီးတော့ ရုန်းကန်နေရတဲ့ ကာလမှာ ပါဆယ်ကို အခုလိုမျိုးပေးပို့ဖို့ အခက်အခဲ အများကြီး ကြုံနေ ကြရ တယ်ပေါ့နော်။ ဒါအင်မတန်ကိုမှ ခက်ခဲတဲ့ အခြေအနေ တစ်ရပ်လည်း ဖြစ်တယ်။ ဒီလိုမျိုး ပါဆယ်ပို့ဖို့တောင် ကြိုးစားရုန်းကန်နေရတဲ့ ကာလမှာ အခုလို ငွေတောင်းတာ ဖြစ်တဲ့အတွက်မို့လို့ လူတိုင်းလည်း မတွေ့နိုင်ဘူး ပေါ့နော်။ အခြေခံ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ အနေနဲ့ ဧည့်တွေဖို့ဆို လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်ခင်ဗျ။

နိုင်ငံရေး အကျဉ်းသား အားလုံးသည် ၎င်းတို့၏ အခွင့်အရေးကို ရရှိရန်လိုအပ်သကဲ့သို့  မိသားစုနှင့် ဧည့်တွေ့ခွင့် ရရှိရန်လည်း လိုအပ်သည် ဟု PPNM က ဆိုသည်။

ရွှေဘိုထောင်တွင် ဧည့်တွေ့ရန် ငွေကြေးတောင်းခံနေမှုများ အပြင် အကျဉ်းသား ကျွေးမွေးစီမံရေးတွင် သတ်မှတ် နှုန်းထားအတိုင်း မဟုတ်ဘဲ တစ်ရက်ခြားလျှင် ကြက်ဥ တစ်လုံးစီသာ ပေး၍ အကျဉ်းသား ကျွေးမွေး စရိတ် အပေါ်တွင် ထောင်ပိုင်များက ကိုယ်ကျိုးစီးပွား ရှာနေခြင်းများရှိသည်ဟုလည်း နိုဝင်ဘာလထဲတွင် အကျဉ်း ဦးစီးဌာနမှ ထွက်‌ပြေးလာသည့် အကျဉ်း‌ထောင် ဝန်ထမ်းဟောင်းတစ်ဦးမှ PPNM ကို ပြောဆိုထားသည်။

အဆိုပါ ကိစ္စရပ်ကို စုံစမ်းရာတွင် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည် ဟု PPNM က ဆိုသည်။

ထိုအခြေအနေများကို အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်သကဲ့သို့ အကျဉ်းသား အခွင့်အရေး တစ်ရပ် ဖြစ်သည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မြန်မာ တစ်နိုင်ငံလုံးရှိ ထောင်များတွင် ရရှိနေသည့်နည်းတူ ရွှေဘိုအကျဉ်းထောင် အနေဖြင့်လည်း ရရှိသင့်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။