ဖားဆောင်းတွင် တပ်အင်အားဖြည့်ကာ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု တိုးမြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
ကရင်နီပြည် ဖားဆောင်းမြို့ကို စစ်ကောင်စီက အင်အား ဖြည့်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် မှုများ အပြင်းအထန် လုပ်ကာ မြို့ မကျရေးအတွက် ခုခံနေသည်ဟု ကရင်နီ တော်လှန်ရေး တပ်များက ပြော သည်။
ဖားဆောင်းမြို့ မကျစေရန်အတွက် စစ်ကောင်စီတပ်က ကျန်ရှိနေသည့် တပ်စခန်း ၂ ခု ထဲသို့ လူအင်အား၊ လက် နက်အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။
လက်ရှိတွင် ဖားဆောင်းဘက်သို့ စစ်ကူပို့ပေးနိုင်မည့် မြေပြင်လမ်းကြောင်းများကို တော်လှန်ရေးတပ် ဘက်မှ ပိတ်ဆို့ဟန့်တား ထားသောကြောင့် စစ်ကောင်စီတပ်သည် ထိုစခန်း ၂ ခုထဲသို့ လေကြောင်းမှတစ်ဆင့်သာ လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းနေရသည်ဟု ဆိုသည်။
ကရင်နီပြည် ဖားဆောင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဖားဆောင်းမြို့ပေါ်ရှိ နေရာတော်တော် များများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် ကျန်ရှိနေသေးသည့် ခလရ ၁၃၄ နှင့် ခလရ ၁၃၅ တပ်စခန်းနှစ်ခုအား ဒီဇင်ဘာလ ၇ ရက်နေ့ အချိန်ထိ သိမ်းပိုက်နိုင်ခြင်း ရှိသေးပေ။ ထို့ကြောင့် ဖားဆောင်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်အတွက် ထိုစခန်း ၂ ခုကို သိမ်းပိုက်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဖားဆောင်း PDF တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
“ကျနော်တို့ မြို့သိမ်းတိုက်ပွဲလုပ်နေတာ ၉ လတာကျော် သွားပြီပေါ့နော်။ တပ်ရင်းနှစ်ရင်း ကျန်သေးတယ်ပေါ့ နော်။ အဲဒီတပ်ရင်း နှစ်ရင်းရရှိဖို့ ကျနော်တို့ တပ်ပေါင်းစုတွေအနေနဲ့ ကြိုးစားနေတယ်။”
စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ စခန်းနှစ်ခုသည် ဗျူဟာကျသည့် တောင်ကုန်းပေါ်တွင်ရှိပြီး ကာကင်းများ ဘန်ကာများဖြင့် အခိုင်အမာ တည်ဆောက်ထားသည့်အပြင် လက်နက်ခဲယမ်းများလည်း ပေါပေါသီသီ အသုံးပြုနိုင်သည့် တပ်စခန်းဖြစ်သည်ဟု ဖားဆောင်း PDF တာဝန်ရှိသူ ဆိုသည်။
အဆိုပါ တစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် အဟန့်အတားဖြစ်စေသည့် အဓိက အကြောင်းအရင်းမှာ တော်လှန်ရေးတပ်ဘက်မှ လက်နက်ခဲယမ်း လုံလောက်မှု မရှိခြင်း၊ စစ်ကောင်စီတပ်ဘက်မှ လက်နက် ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် အသုံးပြုပြီး ခုခံနေသောကြောင့် ဖြစ်သည် ဟု ဖားဆောင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ထိုတပ်စခန်းနှစ်ခုထဲတွင် စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် ကျန်ရှိနေသေးသည်ဟု တော်လှန်ရေး တပ်များမှ ခန့်မှန်းထားကြသည်။
စစ်ကောင်စီတပ်သည် မြေပြင်တွင် ထိုးစစ်မဆင်နိုင်တော့သည့်အပြင် စခန်းမကျစေရန်အတွက် ယခုနောက်ပိုင်း တွင် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်ဟု ဆိုသည်။
ပြီးခဲ့သော နိုဝင်ဘာလထဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက် လုပ် ဆောင်ခဲ့သည်ဟု အဆိုပါ ဖားဆောင်း PDF တာဝန်ရှိသူက ဆိုသည်။
“လေယာဉ်နဲ့ ၁၅ ရက်မှာ နှစ်ကြိမ် ၁၆ ရက်မှာ ၃ ကြိမ် ၁၇ ရက်နေ့မှာ တစ်ကြိမ်ပေါ့ လာကြဲသွားတာ တွေရှိပါ တယ် ပြည်သူတွေကတော့ ထိခိုက်မှုမရှိပါဘူး ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးTarget တွေကိုပဲ သူတို့ကြဲသွား တာတွေ ရှိပါတယ်။ ကျွန်တော်တို့ တပ်ပေါင်းစု အနေနဲ့လည်း ဒီလေကြောင်းတိုက်ခိုက်မှုမှာ တစ်စုံတစ်ရာတော့ ထိခိုက်မှု မရှိဘူးပေါ့နော။”
ထို့အပြင် ဖားဆောင်းမြို့ နှင့် အနီးဆုံး တပ်စခန်းများဖြစ်သည့် မိုင် ၂၀ ခန့်ကွာဝေးသော ဘောလခဲမြို့ရှိ စစ် ကောင်စီ၏ ဗျူဟာစခန်းတွင်လည်း လေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းမှုများ ရှိနေသည်ဟု ကရင်နီ တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။
၉ လကျော်အကြာ တိုက်ပွဲအတွင်း ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများက ဖားဆောင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းများဖြစ်သည့် စေတီကုန်း နှစ်ခု၊ သံလွင်တံတား စစ်ဆေးရေးဂိတ် ၂ ခု၊ ရဲစခန်းတံတား၊ မြို့နယ်ခန်းမ ၊ ထီးထာ၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ အချိန်အထိ ထိန်းချုပ်ထားသည်ဟု ဆိုသည်။