ဖျက်ဆီးခံရသည့် တိုးဂိတ်တွင် ယာဉ်ဖြတ်သန်းခ ကောက်ခံခြင်းရပ်နား

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။

ထားဝယ်မြို့အဝင်ရှိ ဖျက်ဆီးခံလိုက်ရသည့် တိုးဂိတ်တွင် မြို့ဝင်ကြေးအဖြစ် ယာဉ်ဖြတ်သန်းခ ကောက်ခံခြင်းကို ရပ်နားထားလိုက်သည်ဟု ခရီးသွားလာသူများက ပြောသည်။

ထားဝယ်မြို့အဝင်ရှိ တိုးဂိတ်ဝန်ထမ်းများနေထိုင်သည့် အဆောက်အအုံနှင့် တဲအချို့ ဒီဇင်ဘာလ ၃ ရက်နေ့၊ ညပိုင်းက ရိုက်ဖြို ဖျက်ဆီးခြင်း ခံခဲ့ရပြီးနောက် ငွေကြေးကောက်ခံသည့် ဝန်ထမ်းများလည်း မရှိတော့ကြောင်း ခရီးသွား ပြည်သူများက ပြောသည်။

အဆိုပါ တိုးဂိတ်မှာ ထားဝယ်မြို့နယ်ထဲရှိ ကနိုင်းဒါကျေးရွာနှင့် ရှင်မုတ္ထီးကျေးရွာအကြားတွင် တည်ရှိနေပြီး မြို့ဝင်ကြေး ကောက်ခံနေသည့် တိုးဂိတ်တစ်ခု ဖြစ်သည်။

ခရီးသည်တင် ယာဥ်မောင်းသူတစ်ဦးက ဂိတ်မှာ ဝန်ထမ်းတွေရော စစ်တပ်ပါ တစ်ယောက်မှ မရှိတော့ပါဘူး။ မှန်အစတွေ ကွဲကြေနေတာတွေ တွေ့ရတယ်။ တံခါးပေါက်တွေ ကျိုးပဲ့ ပျက်စီးနေတာတွေပဲ ရှိတော့တယ် ဟု ပြောသည်။

ထို့အပြင် တိုးဂိတ်အနီးတဝိုက်တွင် မိုင်းများရှိနေမည်ကို စိုးရိမ်သောကြောင့် သတိထား သွားလာနေကြရသည် ဟု အဆိုပါ ယာဉ်မောင်းက ဆိုသည်။

တိုးဂိတ်အား မည်သည့် အဖွဲ့အစည်းက ဖျက်ဆီးသွားသည်ကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန် ပြောဆိုထားခြင်းမျိုး မရှိသေးပေ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း မြိတ် – ကော့သောင်းသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မဇော ကျေးရွာအုပ်စုထဲက သကန်ကျေးရွာရှိ တိုးဂိတ်ကို မီးရှို့ခံခဲ့ရသေးသည်။

မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကနိုင်းဒါကျေးရွာနှင့် ရှင်မုတ္ထီးကျေးရွာအကြားက မြို့ဝင်ကြေး ကောက်ခံနေသည့် အဆိုပါ တိုးဂိတ်မှာ တိုက်ခိုက်ခံရပြီး နောက်တစ်နေ့၌ပင် ပုံမှန်အတိုင်း ယာဥ်များ ဖြတ်သန်းသွားလာနေကြ သည်။