စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှု မခံရစေရန် KNDF က လူထုအား သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်။
စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုလုပ်ဆောင်လာသည့်အပြင် ထိခိုက်သေဆုံးမှုများ ကလည်း ပိုပြီးများလာသည့်အတွက် သတိနှင့် နေထိုင်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြည်သူများကို တိုက်တွန်း ပြောဆိုလိုက်သည်။
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်ထဲကို စစ်ကောင်စီစစ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး တော် လှန်ရေးတပ်များနှင့်လည်း စစ်ရေး တင်းမာလာနေသည့် အတွက် အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံ များ နှင့် စစ်ဘေးရှောင်များ သတိနှင့် နေထိုင်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောတာအယ်စိုးက ပြောသည်။
“ဘယ်နေရာနေနေစစ်ကောင်စီက ဒီအနည်းဆုံးကတော့ လေယာဉ်တွေနဲ့ တိုက်ခိုက်နိုင်တယ်ပေါ့နော အဲတော့ ပြည်သူတွေအနေနဲ့ကတော့ လုံခြုံတဲ့နေရာပေါ့နော လုံခြုံတဲ့နေရာဆိုတာက လေယာဉ်တွေ ဒရုန်းတွေ ကိုယ့် ကိုမမြင်နိုင်တဲ့နေရာ တွေမှာနေထိုင်ကြဖို့ အကြံပြုလိုတယ်ပေါ့နော်။”
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်ထဲကို စစ်ကောင်စီစစ်က နိုဝင်ဘာလမှ စတင်၍ အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး စစ်အင်အားတိုးချဲ့နေသည်ဟု တော်လှန်ရေးတပ်များက ပြောသည်။
စစ်ကောင်စီတပ်သည် လက်ရှိတွင် ခေတ်မှီဒရုန်းများနှင့် လူစုလူဝေးရှိနေသည့် နေရာများ၊ စစ်ရှောင်စခန်းများကို ကင်းထောက်လှမ်းပြီး ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများ ရှိနေသည့်အတွက် KNDF က ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီးက အေလာကွင်းစစ်ရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးနှင့် ကလေးများ အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
အလားလူ ဖယ်ခုံမြို့နယ် အနောက်ခြမ်းက ဆိုင်ခွန်ကျေးရွာ အနီးကိုလည်း ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် ၃ နာရီ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ ခဲ့သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးတို့ကို သတိပြုကြရန်နှင့် လေယာဉ်သံ၊ ဒရုန်းသံ များကြားပါက လုံခြုံနိုင်သည့် နေရာများတွင် အမြန်ဆုံးရွှေ့ပြောင်း နေထိုင်ကြရန် စောတာအယ်စိုးက သတိပေး ပြောဆိုသည်။
“နောက်ပြီးတော့မှ နေထိုင်တဲ့နေရာတွေမှာဗုံးခိုကျင်းတွေ လုပ်ထားဖို့ပေါ့နော ဒါမှလည်း လက်နက်ကြီးတွေ လေယာဉ်တွေ လာတဲ့အခါမှာ အကာအကွယ် ဖြစ်အောင်လို့ ဖြစ်ပါတယ်။ လေယာဉ်ဒဏ်တွေ လက်နက်ကြီး ဒဏ်တွေကို အာရုံစိုက် နားထောင်စေချင်ပါတယ်။ ဒါမှလည်း လေယာဉ်တွေ ကိုယ့်ဆီလာပြီဆိုရင် လေယာဉ် သံကြားပြီ ဆိုတာနဲ့ မပေါ့လျော့ပဲနဲ့ ကာကွယ်ရေး အစီအမံတွေ ဗုံးခိုကျင်းတွေဆီ သွားပြီးမှ ပုန်းခိုတာ အမျိုး တွေ လုပ်ဖို့ ထပ်မံအသိပေးချင်ပါတယ်။”
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး တကျော့ပြန် နှစ်ဖက် တိုက်ပွဲ ပြန်ပြီး ဖြစ်ပွားနေသောကြောင့် ပြည်သူများ တိမ်းရှောင်နေကြရသည်။
လက်ရှိတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာများ သာမက တိုက်ပွဲမဖြစ်သည့် နေရာများကိုပါ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို ရည်ရွယ်ချက်ရှိရှိနှင့် ခပ်စိပ်စိပ် လုပ်လာနေသည်ဟု တော်လှန် ရေး တပ်ဖွဲ့များ ပြောသည်။