ကရင်နီပြည်တွင် တိုက်ပွဲများ ပြင်းထန်လာမည်ဟု စစ်ရေးကျွမ်းကျင်သူများ သုံးသပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
ကရင်နီပြည်ထဲသို့ စစ်ကောင်စီက စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး ထိုးစစ်ဆင်လာနိုင်သည့်အတွက် ပွင့်လင်းရာသီတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မှီ ကရင်နီပြည်အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အား ဖြည့် တင်းနေသောကြောင့် ပွင့်လင်းရာသီတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ၏ “ဘက်ပြောင်းရေး အစီအမံ စီမံကြီးကြပ်ရေး ကော်မတီ” ညွန် ကြားရေးမှူး တပ်မတော် အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က ပြောသည်။
“သေချာတာကတော့ အကြမ်းဖက် စစ်ရှုံး စစ်ကောင်စီဘက်ကတော့ မဖြစ်မနေ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ အတွက်ကို မိုးဗြဲတို့ လွိုင်ကော်တို့ စစ်ကြောင်းတွေ ရောက်အောင်တော့ သူတို့ပြန်ထိုးမှာပဲ။ အဓိက ဖယ်ခုံမြို့ ပြန်သိမ်းမယ်၊ မိုးဗြဲရအောင်ပြန်သိမ်းမယ်၊ အိမ်ထောင်စု ၄၀၀ လာ လာ၊ ၅၀၀ လာ လာ ပြန်ခေါ်မယ် နိုင်ငံတ ကာအမြင်မှာ မြို့တိုင်းမှာ ရွေးကောက်ပွဲ ပြန်လုပ်နိုင်မယ်ဆိုရင် ပိုပြီး ဖော်ဆောင်နိုင်ဖို့ ရအောင် သူထိုးဖောက် မှာပဲ ဖြစ်တယ်။ မြို့တွေကို ချော့ ပြည်နယ်ကို ချ ဒရုန်းတွေနဲ့ တော်လှန်ရေးတပ်တွေကို ကြဲပြီး ရအောင် ပြန်ပြီးတော့ သိမ်းပိုက်ဖို့ ကြိုးစားသွားမှာလည်း ဖြစ်တယ်။”
စစ်ကောင်စီတပ်သည် ကရင်နီပြည်ထဲရှိ ဒီးမော့ဆိုမြို့နယ် နှင့် ဖားဆောင်းမြို့နယ်များထဲသို့ လေကြောင်းမှ စစ်အင်အား ဖြည့်တင်းမှုများ လုပ်ခဲ့သည့်အပြင် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်ထဲကိုလည်း မြေပြင် ထိုးစစ်များဖြင့် စစ်အင်အား ဖြည့်တင်းခဲ့သည်ဟု မြေပြင်ရှိ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် တာဝန်ရှိ သူများက ဆိုသည်။
ထို့အပြင် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့တို့တွင်လည်း မြေပြင်မှ စစ်အင်အားများ ဖြည့်တင်းနေ သည်ဟု ဆိုသည်။ အဆိုပါ ဒေသများထဲသို့ စစ်အင်အား ဖြည့်တင်းမှုများကို ကရင်နီပြည်တွင် ရေကြီးမှုများ ဖြစ်ပွားချိန် စက်တင်ဘာလ ဒုတိယပတ်အတွင်း လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရှမ်း-ကရင်နီနယ်စပ် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်ထဲက ဒီးမော့ဆိုမြို့ နယ်၊ ဖားဆောင်းမြို့နယ်နှင့် ထိုင်း-ကရင်နီနယ်စပ် နေရာများတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည် ဟု စစ်ရေး ကျွမ်းကျင်သူများမှ သုံးသပ်ထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေ ပြီး ထိုမှတစ်ဆင့် ကရင်နီပြည်အတွင်းရှိ ပြည်ထောင်စု လမ်းမတစ်လျှောက် ပြန်လည် ရယူရန် ကြိုးစားနေသည် ဟု ကရင်နီ ဒု-စစ်ဦးစီးချုပ်မာဝီက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် Mobye-PDF တပ်ရင်း ၁၀၀၁ နှင့် KNDF-B03 တို့ ပူးပေါင်းပြုလုပ်သော ကမ်ပိန်းတစ်ခုတွင် ပြောဆိုထားသည်။
“ကရင်နီမှာ အဓိက ဝင်နိုင်တဲ့ လမ်းကြောင်း နှစ်ခုရှိတယ်။ အဲဒီ လမ်းကြောင်း နှစ်ခုထဲမှာမှ ဒါ ဖယ်ခုံ – မိုးဗြဲ -လွိုင်ကော်ပေါ့ ဒီလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်တယ်။ အခုဆိုရင်လည်း စစ်တပ်ဖက်က ကရင်နီကို အင်အား အလုံးအရင်းနဲ့ လူထည့်နေတဲ့ အခြေအနေတွေ ရှိတယ်။ ဒီလမ်းပိုင်းတွေကို ပြန်ယူပြီးမှ လွိုင်ကော်၊ လွိုင်ကော်ကနေ ပြီးတော့မှ ဘောလခဲ ဖားဆောင်း စသဖြင့် သူတို့ ကြိုးစားနေတဲ့ အနေအထားတွေ ရှိတယ်။”
ထို့အပြင် ယခုနှစ် ဇွန်လလယ်ပိုင်း ကတည်းက ပင်လောင်းဘက်မှ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ် နှင့် PNO တပ်တို့သည်လည်း လက်ရှိတွင် ဖယ်ခုံ နှင့် မိုးဗြဲ အနီးတစ်ဝိုက်တွင် ရောက်ရှိနေပြီး ကရင်နီတော် လှန်ရေး တပ်များ၊ ကယန်းအမျိုးသား တပ်မတော် KNA တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။
ထို့အတူ ယခုနှစ် ဇွန်လအစောပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်လမ်းကြောင်းမှ လွိုင်ကော်သို့ အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းသည် တော်လှန်ရေးတပ်များ ခုခံပိတ်ဆို့နေ သည့်ကြားမှ စက်တင်ဘာ လလယ်ပိုင်းတွင် လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့သည်။
ထို့နောက် လွိုင်ကော်မှတဆင့် ဒီးမော့ဆိုမြို့ အတွင်းရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ – ၁၀၂)၊ ခြေမြန် တပ်ရင်း (ခမရ – ၄၂၇) အတွင်းသို့ အင်အား ၅၀၀ ဝန်းကျင်အထိ ဝင်ရောက်သွားခဲ့သည်ဟု ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ထိုတပ်စခန်းများမှ စခန်းအနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ တပ်စွဲနေ ထိုင်မှုခြင်းများနှင့် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးရန်အတွက် စစ်ရေး ပြင် ဆင်မှုများ လုပ်နေသည်ဟု ဒီးမော့ဆို Local PDF မြေပြင်ရဲဘော် တစ်ဦးက ပြောသည်။
“စကစဖက်က စစ်ကြောင်းတော့ မထိုးလာသေးပေမယ့် အသင့် အနေအထားနဲ့ နေရာယူထားတာ တွေ့ရတယ်။ ပြီးရင် လက်နက်ကြီးနဲ့ ပတ်ထုနေတာပဲ ဒါပဲ တွေ့ရသေးတယ်ပေါ့။ ခန့်မှန်းလို့ ရသလောက်ဆို မိန်းလမ်းမကို ပြန် ယူဖို့ပဲ ရှိတာပေါ့။ အဲ့ဒါရမှပဲ သူတို့ရိက္ခာနဲ့ စစ်ကူပို့လို့ ရမှာကိုး။”
ထို့အပြင် စစ်ကောင်စီသည် မြေပြင်မှ စစ်ကူပေးပို့နိုင်ခြင်း မရှိသော ဖရူဆိုမြိုရှိ ခမရ ၄၂၈၊ ခမရ ၅၃၁ အမှတ် ၁၄ တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ဖားဆောင်းမြို့ရှိ ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲမြို့ရှိ ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀ နှင့် ထိုင်း – ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်းများအား လေကြောင်းမှ တစ်ဆင့် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဆက်တိုက် ဖြည့်တင်းနေသည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
ထို့အတူ ၈ လနီးပါး ကြာမြင့်လာသည့် ဖားဆောင်းမြို့သိမ်း တိုက်ပွဲကလည်း လက်ရှိတွင် တိုက်ပွဲကြီးကြီး မားမား ထပ်မံ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ လာရောက် ဗုံးကြဲနေ သောကြောင့် ကျန်ရှိနေသည့် ခမရ ၁၃၄ နှင့် ၁၃၅ တပ်ရင်း ၂ ခုအား အပြီးသတ် သိမ်းပိုက်ရရှိရေးအတွက် ဆက် လက် လုပ်ဆောင်သွားမည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ်က ဆိုသည်။
ထို့အပြင် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလာသည့်အတွက် ရပ်နားထားရသည့် ထိုးစစ်များ ပြန် လည် စတင်သွားမည်ဖြစ်ပြီး ထိုင်း – ကရင်နီ နယ်စပ် Bordar Pass 9 အနီး နောက်ဆုံး ကျန်ရှိနေသည့် စခန်းများ အား ဆက်လက် တိုက်ခိုက်သွားမည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
“ကျနော်တို့ လုပ်ဖို့ရှိတယ် သံလွင် အရှေ့ ဖက်ခြမ်း ကရင်နီမှာတော့ စခန်းလေးနှစ်ခု ကျန်ပါသေးတယ်။”
ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်များ၏ ၂၀၂၃ ခုနှစ်တွင် ဖော်ဆောင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေး ကာလတွင် ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း၊ ခြေလျင်တပ်ရင်း၊ အမြောက်တပ်များအပြင် လွိုင်ကော်မြို့ရှိ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ၊ စစ်လက်နက်ရေး တပ်စု၊ အလုပ်ရုံတပ်စု၊ ကုတင် (၁၀၀) ဆန့် တပ်မတော်ဆေးရုံနှင့် ဖရူဆိုမြို့ရှိ အမှတ် (၁၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေးကျောင်း အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၀ နှင့် တပ်ဖွဲ့ဝင် အင်အားသည် (၂,၃၀၀) ခန့် ရှိနိုင်သည်ဟု ကရင်နီ တော်လှန်ရေးတပ်များက သုံးသပ်ထားသည်။
သို့သော် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စတင်ကာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မှ တစ်ဆင့် လွိုင်ကော်သို့ စစ်အင်အား ဖြည့်တင်းရန် စစ်ကြောင်းထိုးလာခဲ့ပြီး နိုဝင်ဘာလအထိ (၃) လကျော် အတွင်း စစ်ကောင်စီ တပ်သားအင်အား (၂၀၀၀) ထက်မနည်း ထပ်မံဖြည့်တင်းထားသည်ဟု ကရင်နီ တော်လှန်ရေးတပ် တာဝန်ရှိသူများက ဆိုသည်။
တစ်ဖက်တွင်လည်း ပင်လောင်းမှ ဖယ်ခုံဖက်သို့ အင်အား (၁,၀၀၀) ဝန်းကျင်ခန့် ထပ်မံဖြည့်တင်းထားပြီး နဂို ရှိ ရင်းစွဲ တပ်အင်အားနှင့် ထပ်မံ အင်အားဖြည့်တင်းမှုများကြောင့် ကရင်နီ နှင့် ကယန်းဒေသတွင် စစ်ကောင်စီ အင်အား (၅,၀၀၀) ခန့် ရှိနေနိုင်သည်ဟု တော်လှန်ရေးတပ်များဘက်က ခန့်မှန်းထားကြသည်။
စစ်ကောင်စီသည် ကရင်နီပြည်အတွင်း စစ်အင်အား ဖြည့်တင်းနေသကဲ့သို့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် ဘက်တွင်လည်း တပ်ရင်းပေါင်း ၃၀ အထိ တိုးချဲ့ ဖွဲ့စည်းမှုများ ရှိနေပြီး အောက်တိုဘာလ ၂၉ ရက်နေ့တွင် အသစ် ထပ်မံဖွဲ့စည်းထားသည့် ကယန်းအမျိုးသား တပ်မတော် KNA သည်လည်း တပ်ရင်း ၈ ရင်း ဖြင့် ဖွဲ့စည်း လိုက်ပြီး တပ်ဖွဲ့ဝင်အင်အား ၁၀၀၀ ခန့် ရှိသည်။
ကရင်နီပြည်နှင့် ကယန်းဒေသအဖြစ် သတ်မှတ်ထားသော မိုးဗြဲ၊ ဖယ်ခုံမြို့များ အပါအဝင် လက်ရှိ တော်လှန်ရေး အင်အားစုများ၏ စုစုပေါင်း တပ်အင်အားသည် (၁၅,၀၀၀) ဝန်းကျင် ရှိနိုင်ပြီး ထိုတပ်အင်အား (၁၅,၀၀၀) ထဲမှ ထောက်ပို့၊ ရုံးအဖွဲ့၊ ဆေးတပ်သား၊ ဒဏ်ရာရရဲဘော် စသည်များကို ဖယ်ထားပြီး တိုက်ခိုက်ရေး တပ်သားသီးသန့် ထုတ်နုတ်ပါက (၁၃,၀၀၀) ဝန်းကျင်ခန့် ရှိနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောသည်။
ပုံဟောင်း – KNDF တပ်ဖွဲ့ဝင်များ)