ခန္တီးတွင် စစ်ကောင်စီတပ် စစ်သား စုဆောင်းရေး လုပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးမြို့တွင် လူငယ်များအား စစ်ကောင်စီတပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့က တပ်သားစုဆောင်းမှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ခန္တီးမြို့ အဝင်အထွက် ဂိတ်များတွင် ဒီဇင်ဘာလ ပထမပတ်မှ စတင်ကာ လူငယ် အမျိုးသားများအား စစ်ဆေး ဖမ်းဆီးလျှက်ရှိရာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်ဟု မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူ ဒေသခံတစ်ဦးက တော်တော် ဖမ်းနေတယ် ဟိုနေ့ကလည်း ထွေအုပ် စာရေးကြီးကနေပြီးတော့ လေယာဉ်နဲ့ သွားပို့တယ်။ ဘယ်မှာသွားပို့လည်းတော့ မသိဘူး။ အကုန်လုံးမှာ လိုက် ဆွဲတဲ့ အခါမှာကျတော့ မသိရဘူး။ အသိလည်းမပေးဘူး။ ဖမ်း ဖမ်းပြီးတော့ မိဘလည်း မသိရဘူး။ အသိ မပေး ဘူး။ အဓိကတော့ နာဂတွေအများဆုံးပါပဲ ဟု ပြောသည်။

ခန္တီး – ဟုမ္မလင်း လမ်း၊ ခန္တီး – နန်စီပွန်လမ်းနှင့် ခန္တီး – လဟယ်လမ်း တို့တွင် အဓိက စစ်ဆေးမေးမြန်ကာ ဖမ်းဆီး နေခြင်း ဖြစ်သည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

ဂိတ်မှာ ဖမ်းတာလေ။ ဂိတ်မှာ အဲဒီ နန်စီပွန်ဂိတ်ရယ် ချင်းတွင်း ဖြတ်တဲ့ဂိတ် အဲ့မှာခေါ်ပြီးတော့ ဖမ်းပြီး တော့ တပ်ထဲမှာ ခေါ် ခေါ် သွားတာ။ ကျနော် အတိအကျသိတာတော့ သုံးယောက်။ အဲ့ဒီတောင်ပေါ်က ဆင်းလာ တဲ့ ချင်းတွင်းဂိတ်မှာ နောက်ပြီး နန်စီပွန်သွားတဲ့ ထောင်ဂိတ်ရယ် အဲ့ကနေဖမ်းတာ ဟု ပြောသည်။

ခန္တီး – နန်စီပွန်သွား လမ်းတွင် ၃ ဦး၊ ခန္တီး – ဟုမ္မလမ်းတွင်လည်း လူငယ်များ ဖမ်းဆီးခံနေရပြီး အနည်းဆုံး ၁၀ ဦးထက် မနည်းရှိပြီဟု ဒေသခံများက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း ခန္တီးမြို့ရှိ စတားလင့် အင်တာနက်ဆိုင် အတွင်းရှိ လူငယ် ၁၀ ဦး ခန့်ကို ဖမ်းဆီး သွားသည့်အပြင် စတားလင့်ဆိုင်အားလည်း ပိတ်သိမ်းလိုက်ကြောင်း ခန္တီးဒေသခံ အမျိုးသမီးတစ်ဦးက ပြော သည်။

ခန္တီးဒေသခံ အမျိုးသမီးတစ်ဦးက စတာလင့်ဆိုင်မှာ ဝင်ဆွဲတာ တော်တော်များများ ပါသွားတယ်။ ပြီးတော့ နန်စီပွန်က စတာလင့်စက်ကိုလည်း တပ်က လာသိမ်းသွားတယ်။ ဆိုင်မှာတော့၁၀ ယောက်ကျော်တယ်။ ဘယ် နှစ်ယောက် ပါသွားတယ်ဆိုတာကတော့ တိတိကျကျ သိပ်မသိကြဘူး ဟု ပြောသည်။

စတားလင့် အင်တာနက်ဆိုင်မှ ဖမ်းဆီးခံလိုက်ရသူများအား စစ်ကောင်စီတပ်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ တို့က ငွေကျပ် သိန်း ၅၀ ဖြင့် ရွေးယူခိုင်းနေသည်ဟု ခန္တီးဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

သို့သော် လူငယ် မည်မျှ ပြန်လွတ်လာသည်ကိုမူ မသိရသေးဘူးဟု ဆိုသည်။

ဒီဇင်ဘာလ ပထမပတ်မှ ဒုတိယပတ်အထိ ခန္တီးမြို့တွင်း ဖမ်းဆီးမှု အခြေအနေများနှင့် ပတ်သက်၍ ခန္တီးဒေသခံ ရပ်မိရပ်ဖတစ်ဦးက ယခုကဲ့သို့ ပြောသည်။

နောက်ပြီး ရပ်ကွက်ထဲမှာလည်း ညဆို ကလေးတွေကို လိုက်ဖမ်းတယ်။ လိုက်ဖမ်းပြီးတော့ ပိုက်ဆံနဲ့ ပြန်ရွေး ခိုင်း ပိုက်ဆံရှာတာပါ။ ညကိုဖမ်းပြီးတော့ မိဘကို အကြောင်းကြား ပြီးတော့ ပိုက်ဆံနဲ့ ရွေးခိုင်းနေတာလေ။ အကုန်လုံးပါပဲ ထွေအုပ်ကော သူတို့ဌာန ရဲရယ်၊ အုပ်ချုပ်ရေးမှူးရယ် စစ်တပ်ရယ်ပေါင်း ပြီး‌တော့ ရတဲ့ပိုက်ဆံ ဝေးစား မျှစားနေမှာပါ။ တစ်ချို့ကျတော့လည်း သိန်း ၅၀ ၆၀ ပေးရင်တောင် အရွေးမခံဘူး ဟု ပြောသည်။

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်အပြင် ရှမ်းနီတပ်တော် SNA အဖွဲ့ နှင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် 

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-အန်းမိုင် NSCN-AM တို့ အဓိက လှုပ်ရှားနေသည်။

နိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးခံရသူ လူငယ်များမှာ အတင်းအဓမ္မ စစ်မှုထမ်းသင်တန်းသို့ ပို့ခံရခြင်းများ ရှိနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဓါတ်ပုံ (ပုံဟောင်း) ခန္တီး – ဟုမ္မလင်း လမ်းပေါ်ရှိ  မိုင်းနောင်တံတားပေါ်တွင် တွေ့ရသည့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ