ဗန်းမော်တိုက်ပွဲ အတွင်း စစ်ရှောင် ၁၀ ဦးထက် မနည်းသေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။ 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများထဲ စစ်ရှောင်ရင်း သေဆုံးသွားသူများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဗန်းမော်မြို့တွင် ဖြစ်ပွားနေသည့် မြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဗန်းမော်ဒေသခံ အမျိုးသား တစ်ဦးက ပြည်သူတွေလည်း တော်တော်များများ ထိခိုက်တယ်။ သေတဲ့လူ ရှိ တယ်။ လက်နက်ကြီးမှန်လို့ မိသားစု လိုက်သေတဲ့ သူရှိတယ်၊ ဆရာဝန်လည်း မရှိတော့ဘူး သိလောက်ဆို သူနာပြုက လည်း တစ်ယောက် နှစ်ယောက်ပဲ ရှိတယ်။ လူနာတွေက အများကြီး တစ်ချို့က မီးလောင်ကုန် တယ်။ အကုန်နီးပါး စစ်ရှောင်နေကြပြီ ဟု ပြောသည်။ 

တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု စာရင်းကို အတိအကျ မသိရသေးသော်လည်း ခန့်မှန်းခြေ အနည်းဆုံး ၁၀ ဦးခန့် ရှိပြီဟု အဆိုပါ ဗန်းမော်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

သေတာတော့ အတိအကျတော့ သိဖို့ ခက်တယ်။ အားလုံးက စစ်ရှောင်နေကြ ပြေးနေကြရတာဆိုတော့။ ကျနော်တို့ သိသလောက်တော့ အယောက် ၁၀ လောက်တော့ ရှိမယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတာတော့ ဆေးရုံမှာ ပုံနေတာပ ဟု ဆက်ပြောသည်။

အရပ်သားပြည်သူများ ပိတ်မိနေသည့် နေရာများတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများအပြင် ဘေးလွှတ်ရာသို့ တိမ်းရှောင်ထွက်ပြေးရင် လမ်းတွင် လက်နက်ကြီး ကျည်စများ၊ ဒရုန်းဖြင့် ပစ်ခတ်ဗုံးကြဲမှုများကြောင့် ထိမှန်သေဆုံးသူများလည်း ရှိနေသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ရှောင် ပြည်သူတစ်ဦး မြစ်ကြီးနားဘက်ခြမ်းသို့ ထွက်ပြေးချိန် ဧရာဝတီ မြစ်အတွင်း စက်လှေပေါ်မှ ပြုတ်ကျကာ သေဆုံးသွားသည်ဟု စစ်ရှောင်ပြည်သူများအား ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသူတွေကတော့ အခုထိတော့ သေချာ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရတယ်လို့ ပြောတဲ့ လူလည်း ရှိ သလို ရေကြောင်းခရီးနဲ့ ခရီးထွက်လာတဲ့ သူတွေကလည်း လှေကြပ်လို့ပေါ့ ပြုတ်ကျပြီး ဆုံးတဲ့ သူလည်း ရှိ တယ်လို့ ကြားရတယ်။” 

ဗန်းမော်မြို့သိမ်း တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က လေယာဉ်အပြင် ဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက် နေပြီး မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံများအတွက်လည်း စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်သည်ဟု စစ်ရှောင် များအား အကူအညီပေးနေသူ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ တိုက်ပွဲကတော့ ဖြစ်နေတုန်းပေါ့။ ဒီဗန်းမော်မှာ ရှိတဲ့ ဟိုတယ်တွေ တော် တော်များများလည်း မီးလောင် သွား တယ်။ ပြာကျသွားတယ်။ ကျောင်းတွေလည်း မီးလောင်တယ် ဆိုတာ တော့ ကြားတယ်။ စစ်ကောင်စီ တပ်ရင်း တစ်ခုလည်း ကျသွားပြီးလို့လည်း ကြားတယ်။ ရဲစခန်းကို ဒရုန်းနဲ့ ပြန်တိုက် လိုက်တဲ့ အခါကြတော့ KIA ဘက်က ပြန်ရသွားတယ်လို့လည်း ပြောတယ် ဟု ဒေသခံ အမျိုးသမီး က ပြောသည်။

တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံများမှာ ရေကြောင်းမှ စက်လှေများဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်တပ်က မြို့အဝင်အထွက် လမ်းများ ပိတ်ဆို့ထားသဖြင့် မြို့ခံအများစုမှာ တိုက်ပွဲအတွင်း ပိတ်မိနေသည်။

အချို့သော ဗန်းမော်မြို့ခံများမှာမူ ဗန်းမော်မြို့နယ်အတွင်းရှိ နီးစပ်ရာ တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဆိုပါ စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်နေသည်။ 

KIA နှင့် ပူးပေါင်းတပ်တို့သည် ဗန်းမော်မြို့ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ဝင်တိုက်ခိုက်ခဲ့ပြီး စစ်မျက် နှာ ၃ ခုဖြင့် ဗန်းမော်မြို့ကို ဝိုင်းပတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေ ဆဲဟု မြို့ခံများက ဆိုသည်။

အလားတူ ဒီဇင်ဘာ ၆ ရက်နေ့က ဗန်းမော်မြို့တွင်း အစိုးရဌာန အချို့ကို သိမ်းပိုက်ခဲ့ကြောင်းနှင့် ဗန်းမော်အကျဉ်း ထောင်လည်း ပွင့်သွားပြီး နိုင်ငံရေး အကျဥ်းသားများ အပါအဝင် အကျဥ်းသား အတော်များများ လွတ်မြောက် သွားသည်ဟု ဒေသ သတင်းမီဒီယာများက ဖော်ပြသည်။

ဓါတ်ပုံ – Simsa Kasa Multimedia