လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်နယ် ၃ ခုတွင် ကလေး ၁၀ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
တစ်လအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်နယ်သုံးပြည်နယ် အတွင်း ကလေး ၁၀ ဦးသေဆုံးပြီး ဒဏ် ရာရသူ ၅၁ ဦးရှိခဲ့သည်ဟု လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) က ထုတ်ပြန်သည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ တစ်လအတွင်း ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ် တို့ တွင် ကလေး ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၁ ဦးရှိခဲ့ကြောင်း (ND – Burma) ပြောဆိုခွင့်ရှိသူ ဆန်ထွယ် က ပြောသည်။
ဆန်ထွယ် “ဒီလထဲမှာပဲ ဖြစ်ပျက်သွားတဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် ဒီ IDPs Camp ဘုရားကျောင်းမှာ ခိုလှုံနေ တဲ့ စစ်ရှောင်တွေကို ထိခိုက်တဲ့ အတွက်ကြောင့်မို့ သေဆုံးတဲ့သူတွေက မိသားစုလိုက် ကလေးတွေ ဖြစ်နေတယ်။ မိသားစု လိုက်ပါသွားတယ်။ ကလေးတွေ အပါအဝင်ပေါ့နော်။ ကလေးတွေ ပိုပြီးမှ ထိခိုက်တာ တွေ့ရတယ်။ သေဆုံးတာလည်း ကလေးတွေ ပိုများတာ တွေ့ရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ဘေးစစ်ဒဏ်ကြောင့် စိတ်ဒဏ်ရာရှိနေသော ပြည်သူ များ အိပ်စက်ချိန် အနားယူချိန်များဖြစ်သည့် မနက်အစောပိုင်း နှင့် ညနေပိုင်းအချိန်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု (ND – Burma) က ဆိုသည်။
စစ်တပ်သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) များ၏ ယာယီတဲများ နှင့် စစ်ရှောင်စခန်းများ အပါအဝင် ဒေသခံ လက်ဖက်ရည်ဆိုင်များ၊ လူစုလူဝေးနေထိုင်ကြသည့် နေရာများ နှင့် ရပ်ရွာများထဲကို လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ကြခြင်း ဖြစ်သည်။
ထိုသို့ စစ်ကောင်စီတပ်အနေဖြင့် လေယာဉ် အသုံးပြုကာ တိုက်ခိုက်မူများ ပိုမိုလုပ်လာသောကြောင့် ဒေသခံ ပြည်သူ ထိခိုက်သေဆုံးမှုကလည်း ပိုများလာခြင်း ဖြစ်သည်။
မဆန်ထွယ် က “ဒီထုတ်ပြန်ချက်ထဲမှာ အဓိက ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသား ဒေသမှာ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတွေ သေဆုံးမှုတွေ ပိုများလာတယ်။ လတိုင်း နေ့တိုင်း လေ ယာဉ် ဗုံးကြဲမှုတွေ ရှိတဲ့အတွက်ကြောင့်မို့ လူတွေ ထိခိုက်သေဆုံးတာတွေကတော့ တောက်လျှောက် ရှိနေတာ ပေါ့နော်။ အဲ့ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် တစ်နှစ် – နှစ်နှစ်ဖြစ်လာတဲ့ အခါမှာ လူဦးရေ ပိုများလာတယ်။ သေဆုံးတဲ့သူက ပိုများလာတဲ့ အခြေအနေတွေ ဖြစ်လာတယ်” ဟု ပြောသည်။
သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးများ နှင့် ကလေးသူငယ်များ ပါဝင်နေပြီး စစ်ကောင်စီ တပ်များ၏ အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်မှုများကြောင့် ပြည်သူများသည် ကြီးမား သော ပျက်စီးမှုများ၊ ဆုံးရှုံးမှုများနှင့် စိုးရိမ်ကြောက်လန့်မှုများကို ဆက်လက် ခံစားနေကြရသည်။
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းပေါ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေး ၇ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့သည်။
မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကောင်စီရဲ့ လုပ်ရပ်တွေက လူသားဆန်မှု ကင်းမဲ့တယ်။ ကျနော်တို့ ကချင်မှာ ဆိုရင် ဒီမိုးမောက် ကုန်းလောဘုရားကျောင်း ဖြစ်စဉ်တစ်ခုထဲ မဟုတ်ဘူး။ အနန့်ပါ ဖြစ်စဉ်ရှိတယ်။ မုန်လိုင်ခက် ဖြစ်စဉ် ဒါတွေက သမိုင်းပါ၊ သက်သေတွေပါ။ ကျနော်အနေနဲ့ရော ကျနော်တို့ ကချင်ပြည်သူတွေ အနေနဲ့ပါ ဒါတွေကို လုံးဝမေ့မှာ မဟုတ်ဘူးဗျ” ဟု ပြောသည်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်၊ ကရင်နီနှင့် ရှမ်းပြည်တို့တွင် နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အရွယ် ရောက်ပြီးသူ (၂၅) ဦး နှင့် ကလေး (၁၀) ဦး သေဆုံးကာ လူကြီး (၂၃) ဦး နှင့် ကလေး (၅၁) ယောက် အပါအဝင် စုစုပေါင်း (၇၄) ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း တစ်ကျောင်း နှင့် ဘုန်းကြီး ကျောင်း တစ် ကျောင်း၊ ဆေးရုံ၊ လက်ဖက်ရည်ဆိုင်၊ ရုံးဌာန အဆောက်အအုံ (၅)လုံး နှင့် ကား (၆) စီး အပါအဝင် အနည်းဆုံး စုစုပေါင်း အဆောက်အအုံ (၇၇) လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ဓါတ်ပုံ – Simsa Kasa Multimedia (ပုံစာ – မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာထဲက ခရစ်ယာန် ဘုရားကျောင်း လေကြောင်းမှ ဗုံးကြဲခံရမှုပုံ)