စစ်ကောင်စီတပ်မှ ကျေးရွာချင်းဆက်လမ်းနေရာရှစ်ခုကို ဖျက်ဆီး။
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် လမ်းနေရာ ရှစ်ခုကို စစ်ကောင်စီတပ်မှ တပတ်အတွင်း ဘူဒိုဇာ ကားဖြင့် ဖျက်ဆီးပစ်ခဲ့သည်ဟု ရွာသားများက ပြောသည်။
မြိတ် – ဘုတ်ပြင်း ကားလမ်းမကြီးမှ ပဝကျေးရွာအုပ်စုရှိ တမုတ်ချုံးကျေးရွာသွား ကားလမ်းကို ဘူဒိုဇာကားဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက မြေဖို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့် အရွယ် တမုတ်ချုံးရွာသားတစ်ဦးက “စစ်ကောင်စီက အင်အား ၈၀ လောက် ရှိတယ်၊ တိုက်ပွဲ ဖြစ်တာမျိုး မရှိဘဲ မနေ့က လမ်းတလျှောက်လုံးကို ဖျက်ဆီးပြီး ပိတ်ပစ်လိုက်တာ” ဟု ပြောသည်။
တကူကျေးရွာအုပ်စုထဲသို့ သွားသည့် ဇဝဲ – ဖာနီကျေးရွာသွား ကားလမ်းတွင် နှစ်နေရာ၊ ရမ်းဖိုကျေးရွာ ပြည် ထောင်စု ကားလမ်းမကြီးပေါ်တွင် နှစ်နေရာ၊ မရင်းကြီးကျေးရွာအဝင် ကားလမ်းတွင် သုံးနေရာနှင့် ပဝကျေးရွာ အုပ်စုသို့ သွားသည့် တမုတ်ချုံးကျေးရွာ ကားလမ်းမကြီးပေါ်တွင် တစ်နေရာ စုစုပေါင်း ရှစ်နေရာ ကို ပိတ်ချလိုက် ခြင်း ဖြစ် သည်။
လမ်းဖျက်ထားသည့်နေရာများ အနီးတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များလည်း ရှိနေခြင်းကြောင့် ဖြတ်သန်းသွားလာ၍ မရဲကြောင်း ရွာသားများက ဆိုသည်။
ထို့အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းကပင် တနင်္သာရီမြို့နယ် အတွင်းရှိ မရင်းကြီးကျေးရွာ သွားသည့် လမ်းကိုလည်း အင်အား ၃၀ ခန့်က ဘူဒိုဇာကား အသုံးပြု၍ ဖြိုဖျက်သွားခဲ့သည်။
ဖျက်ဆီးသွားသည့် လမ်း၏ အကျယ်မှာ ၆ ပေ ကျော်ခန့်နှင့် အနက်မှာ ၅ ပေခန့် ရှိသည်ဟု ရွာသားများက ပြောသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်း နှင့် ၅ ရက်နေ့ နံနက်ပိုင်းကလည်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာ အနောက် ဘက်ရှိ လမ်းနေရာ နှစ်ခုကိုလည်း မြေဖို့ဖျက်ဆီးခဲ့သေးကြောင်း ဆိုကြသည်။
ထို့အပြင် တကူကျေးရွာအုပ်စုထဲကို သွားသည့် ဇဝဲ – ဖာနီကျေးရွာ ကားလမ်းပေါ်မှ ကွန်ကရစ်တံတား နှစ်စင်းကို ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းက ဘူဒိုဇာကားများဖြင့် မြေဖို့ဖျက်ဆီးခဲ့သည့် အပြင် မိုင်းများကိုပါ ထောင်ထား ခဲ့သေးသည်ဟု ဇဝဲရွာသားများက ဆိုသည်။
လက်ရှိတွင် တကူ၊ မရင်းကြီး နှင့် ပဝကျေးရွာအုပ်စုတို့မှ ရွာသားများ စားသောက်ကုန် သယ်ယူသည့် လမ်းကြောင်း အများစုကို စစ်ကောင်စီမှ မြေဖို့ဖျက်ဆီးပြီး ပိတ်ချနေသောကြောင့် ရွာသားအများစုမှာ ဆေးဝါး များနှင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံနေကြရသည်။
တနင်္သာရီမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းက တကူနှင့် ပဝကျေးရွာအုပ်စုများကို သွားရောက်သည့် လမ်းပိုင်းများတွင် စစ်ကောင်စီတပ်မှ စစ်ဆေးရေးဂိတ်များ ချထားပြီး စားသောက်ကုန် သယ်ယူမှုများကို ကန့်သတ်ပိတ်ပင်နေခြင်း ဖြစ်သည်။