ပိတ်ထားသည့်လမ်းအား ပြန်ဖွင့်ပေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်။
စစ်ရေး တင်းမာမှုများကြောင့် ပိတ်ထားသည့် ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကို ပြန်လည် ဖြတ်သန်းခွင့်ပြုလိုက်ပြီး ဖြစ်သည်ဟု ကော်သူးလေတပ်မတော် – KTLA က သတင်းထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာလ ၄ ရက်နေ့က ဖြတ်သန်းသွားလာခွင့်ကို စတင်ပိတ်ခဲ့ပြီးနောက် တစ်ပတ်အကြာ စစ်ရေးတင်းမာမှုများ ပြေလည်မှု မရှိသေးသော်မဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးခြင်းကြောင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လည် ဖြတ်သန်းခွင့် ပြုပေးလိုက်ခြင်း ဖြစ်သည်။
မြို့ပြင်တွင် အခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို နေရာများမှ သုံးရက်အတွင်း ဆုတ်
ခွာပေးရန်နှင့် ဆုတ်ခွာခြင်း မပြုခဲ့ပါက စစ်ရေးအရ တုံ့ပြန်အရေးယူသွားမည် ဖြစ်ကြောင်း မောတောင်မြို့ အတွင်း အခြေချထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဒီဇင်ဘာလ ၃ ရက်နေ့က အကြောင်းကြားခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ကော်သူးလေ တပ်မတော်ဘက်က အကြောင်းကြားထားသည့် အတိုင်း ဆုတ်ခွာပေးသွားမည် မဟုတ်ဘဲ စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။
အသက် ၄၀ ခန့်အရွယ် စျေးသည် အမျိုးသမီးတစ်ဦးက “မြို့အဝင်အထွက် လမ်းကို လုံးဝပိတ်ချလိုက်တော့ ဈေးရောင်း စျေးဝယ် လုံးဝလုပ်လို့ မရတော့ဘူး။ အခုက ဖြတ်သန်းခွင့်ပေးလိုက်တော့ အသက်ရှူချောင်သွား တယ်၊ ကုန်တင်ကားကြီးတွေတော့ ဖြတ်သန်းသွားလာတာ မတွေ့ရသေးဘူး” ဟု ပြောသည်။
ကော်သူးလေ တပ်မတော် စစ်ဆေးရေးဂိတ်က မောတောင်မြို့ အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ရှိနေပြီး လမ်းပိတ်ချ လိုက်ခြင်းကြောင့် မြို့ပြင်ရှိ အမှတ် (၃) ကျေးရွာ၊ ညနေဈေးကို ဈေးရောင်းထွက်ခွင့် မရခဲ့ကြောင်း အဆိုပါ စျေးသည် အမျိုးသမီးက ဆိုသည်။
လက်ရှိတွင် လမ်းကို ပြန်လည် ဖွင့်ပေးခဲ့သော်လည်း မြို့ခံများမှာ သတိထားပြီး သွားလာနေကြရသည်ဟု ဆိုကြသည်။
မောတောင်မြိုခံများ၊ ခရီးသွားလာကြသည့်သူများ၊ ကုန်သည်များနှင့် ကုန်သည်များကို မှီခို အလုပ် လုပ်ကိုင်နေ သူများ၏ တောင်းဆိုချက်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသေးခြင်းကြောင့် ပြန်လည် ဖြတ်သန်းခွင့် ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မောတောင်မြို့ ဘော်လုံးကွင်းအနီးရှိ ဘုရားတောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများက ဒီဇင်ဘာလ ၃ ရက်နေ့ ကတည်းက လက်နက်ကြီး အထိုင်ချ တပ်စွဲထားခြင်း ဖြစ်သည်။