စစ်ကောင်စီဂိတ်က အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု သကန်တောင်ပုကျေးရွာတွင် ဂိတ်စခန်းချပြီး စစ်ဆေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့က လမ်းသွားလမ်းလာများကို ရိုက်နှက်ငွေညှစ်ခြင်းများနှင့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်
မှုများ ပြုလုပ်နေသည်ဟု ရွာသားများက ပြောသည်။
သကန်တောင်ပုကျေးရွာထိပ်တွင် ရှိနေသည့် ရွှေကြက်ယက်ဘုရားတောင်ပေါ်တွင် နိုဝင်ဘာလ တတိယပတ် မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ ၃၀ ဦးခန့် လာရောက်၍ တပ်စွဲထားခဲ့ကြသည်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲခဲ့သည့် အချိန်မှ စတင်ပြီး ဘုရားတောင်ခြေအနီးရှိ သကန်တောင်ပုကျေးရွာအဝင် ကားလမ်းမကြီးပေါ်တွင် နေ့စဥ်ဂိတ်ချစစ်ဆေးနေသည်ဟု ရွာသားများက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က ဂိတ်အရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သွားသည့် မဇောကျေးရွာအုပ်စုနေ အသက် ၂၀ ကျော်ခန့်အရွယ် အမျိုးသမီးတစ်ဦး၏ ရင်သား၊ တင်ပါးများကို အမျိုးသမီး ရှာဖွေရေး အကူအညီ မပါဘဲ ကိုင်
တွယ် စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု မျက်မြင်တွေ့ခဲ့သူ ရွာသားများက ပြောသည်။
ထို့အပြင် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ကိုင်တွယ် စစ်ဆေးနေချိန် ဝင်ရောက်တားဆီးခဲ့သည့် ဖြတ်သွားဖြတ်လာ သူ အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ခဲ့သေးကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ဂိတ်က စစ်ဆေးရေးနဲ့ မတူပါဘူး၊ မိန်းခလေးတွေကို ဟိုကိုင် ဒီကိုင် လုပ်တာ အမြဲ ကြားနေရတယ်။ ကားလမ်းမကြီးဆိုတော့ မဖြတ်မနေ ဖြတ်နေကြရတယ်။ တိုင်ဖို့ဆိုတာလည်း မလုပ်ရဲကြပါဘူး” ဟု ပြောသည်။
အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားခြင်းများ အပြင် ဖြတ်သန်းသွားလာသူများကို ရိုက်နှက် စစ်ဆေးခြင်းများနှင့် ဖြတ်သွားဖြတ်လာ ခရီးသွားများ၏ ဆိုင်ကယ်ထဲတွင် ပါလာသည့် ပိုက်ဆံနှင့် ဖုန်းများကို သိမ်းယူခြင်းများလည်း ပြုလုပ်နေလေ့ရှိနေသည်ဟု ဆိုကြသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီဂိတ်က စစ်ဆေးခြင်းကို လက်မခံဘဲ ဖြတ်မောင်းပြေးသည့် တောင်ပုကျေးရွာသား တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးပြီး သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်းများ လုပ်ခဲ့ကြသေးသည်။
တနင်္သာရီတိုင်းအတွင်း၌ ယခင်ကလည်း ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်၊ သရက်ချောင်းမြို့နယ်ရှိ စစ်တပ်ဂိတ် များနှင့် တနင်္သာရီမြို့နယ်ဘက်က စစ်တပ်ဂိတ်များတွင် အမျိုးသမီးများကို ရှာဖွေစစ်ဆေးရာ၌ လုံခြုံရေး ရဲမေ များ မပါရှိဘဲ လိင်ပိုင်းဆိုင်ရာစော်ကားသည့် အပြုအမူများ ပြုလုပ်သည့် ဖြစ်စဥ်များရှိခဲ့သည်။