စစ်ကောင်စီ စစ်ကြောင်းမှ အမျိုးသမီးတစ်ဦးကိုသတ်ပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။

ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်ဘက်သို့ ဝင်ရောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီး တစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ရွာသားနှစ်ဦးကို ဖမ်းဆီးထားသည်ဟု ရွာသားများက ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီခန့်က ထားဝယ် – လောင်းလုံး လမ်းမကြီးပေါ်ရှိ အင်းဇောက်ကျေးရွာ အနီးတွင် လမ်းပေါ် ၌ ဆိုင်ကယ်ဖြင့် သွားလာနေသူ အသက် ၅၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးကို အင်အား ၁၀၀ ကျော်ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းက ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရွာထဲမှာတင် ပစ်ခံထိတာ၊ ရောင်းချဖို့ စျေးကိုသွားနေတဲ့ အချိန် မှာ လူအရိပ်မြင်ပြီး ပစ်ထည့်လိုက်တာလို့တော့ ပြောသံကြားရတယ် ဟု ပြောသည်။

ပစ်ခတ်ခံရပြီးနောက် တစ်နာရီခန့်အကြာတွင် ကျည်ထိမှန်သည့် ဒဏ်ရာဖြင့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်ဟု ဆိုကြသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်လာရာလမ်းပေါ်ရှိ သာယာကုန်းကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် မင်းရပ်ကျေးရွာမှ အမျိုးသားတစ်ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများထဲမှ သာယာကုန်းကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသား တစ်ဦးကိုမူ နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်နှစ်ဦးကိုမူ လက်ရှိအချိန်ထိ ဆက်လက် ဖမ်းဆီးထားသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အင်းဇောက်ကျေးရွာ တစ်ဝိုက်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၅ နာရီခန့်က နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသေးသည်။

ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားနေစဥ် အချိန်တွင် ထားဝယ်မြို့ဘက်မှနေပြီး လက်နက်ကြီး ၄ ချက်ခန့် ပစ်ခတ်ခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ပထမအပတ်တွင် ထားဝယ်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ယခု ဒုတိယပတ်အတွင်း၌ လောင်းလုံးမြို့နယ်ဘက်သို့ ရေလမ်း၊ ကုန်းလမ်း နှစ်ခုခွဲကာ စစ်ကြောင်း ထပ်မံ ထိုးနေခြင်း ဖြစ်သည်။