ပအိုဝ်းအချင်းချင်း ပဋိပက္ခ မဖြစ်အောင် ကြိုးပမ်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်။
ပအိုဝ်းတော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးတွင် ပအိုဝ်းအမျိုးသား အချင်းချင်း ကြား ပဋိပက္ခ မဖြစ်ပွားအောင် မူဝါဒများချမှတ် လုပ်ဆောင်နေသလို မိမိကိုယ်ကို ခုခံပိုင်ခွင့်မူကိုလည်း ကိုင်စွဲ ထားသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က ပြောသည်။
လက်ရှိတွင် ပအိုဝ်းတော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLO/PNLA နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ PNFC တို့သည့် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA နှင့် စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေသည့်အပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLO/PNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက “ကျနော်တို့ကတော့ ပအိုဝ်းအချင်းချင်း ပဋိပက္ခ မဖြစ်ရေးကို ကျနော်တို့ မူချမှတ်ပြီးတော့မှ လုပ်ဆောင်နေပါတယ်။ အဓိကက ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့် မူကိုတော့ ကျနော်တို့ အခိုင်မာစွဲ ကိုင်ထားပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ ကျောထောက်နောက်ခံ ပေးထားသော ပအိုဝ်းပြည်သူ့စစ် PNO/PNA အနေဖြင့် PNLO/PNLA ထိန်း ချုပ်ရာ ဒေသများသို့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်သည့် အခြေအနေများအား ညှိနှိုင်းဖြေရှင်းသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု PNLO/PNLA က ပြောသည်။
ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ PNFC အတွင်းရေးမှူး – ၂ ခွန်ဝေထူးကလည်း PNO/PNA နှင့် ပတ်သက် ၍ ၎င်းတို့၏ သဘောထားကို ယခုကဲ့သို့ ပြောသည်။
“PNO/PNA ပြည်သူ့စစ်တွေ အနေနဲ့ပေါ့နော် ကျူးကျော်စစ်ဝင်ရောက် ဖော်ဆောင်လာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ကတော့ အတတ်နိုင်ဆုံးပေါ့နော်။ စစ်ရေးထက်စာရင် ကျနော်တို့ ပအိုဝ်းအမျိုးသား အချင်းချင်း ကြား ညှိနှိုင်းဖြေရှင်းရေး နည်းလမ်းကို ကျနော်တို့ ရွေးချယ်ဖို့ တိုက်တွန်းနှိုးဆော်လိုတယ်။”
ညှိနှိုင်းဖြေရှင်းနေသည့် ကြားမှထပ်မံတိုက်ခိုက်လာမည် ဆိုပါက ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဟုPNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။
၎င်းက“ကျနော်တို့ကို လာရောက်တိုက်ခိုက်မယ် ဆိုရင်တော့ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ PNO ဆိုတဲ့ ခေါင်းစဉ်ကို တိုက်ခိုက်မှာ မဟုတ် ပါဘူး။ စစ်အာဏာရှင် စစ်ကောင်စီကို တိုက်ခိုက်တဲ့ခေါင်းစဉ်နဲ့ပဲ ကျနော်တို့ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ခုခံတိုက်ခိုက်ရာတွင်လည်း မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်းသွားမည်ဟု ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ PNFC အတွင်းရေးမှူး – ၂ ခွန်ဝေထူး က ဆက် ပြောသည်။
“နောက်ဆုံး အခြေအနေအရပေါ့လေ ဒီကျူးကျော်ဝင်ရောက်စစ်ကို တစ်ဖက်ကနေပြီးတော့မှ လက်နက်ကိုင် လမ်းစဉ်နဲ့ကျင့်သုံးလာခဲ့မယ် ဆိုရင်တော့ ကျနော်တို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် မဟာမိတ် ခုခံတော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ မိမိကိုယ်ကို ခုခံပိုင်ခွင့်မူအရ ပြန်လည်ပြီးမှခုခံ ကာကွယ်သွားရမှာ ဖြစ်ပါ တယ်။”
စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်တို့သည် PNLA တပ်စခန်းရှိသည့် ဟိုနမ့် ကျေးရွာအုပ်စုဘက်သို့ နိုဝင်ဘာ လ (၂၀) ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် လက်ရှိ အချိန်အထိ နှစ်ဖက် စစ်ရေး တင်းမာ လျှက်ရှိသည်။
“လက်ရှိအနေထားမှာလည်း ကျနော်တို့ နယ်ထဲကို လာပြီးတော့မှ ထိုးစစ်ဆင်နေတဲ့ အနေအထားမှာရှိတယ် ဒီရက်ပိုင်းတိုက်ပွဲတွေက ငြိမ်နေပေမယ့် စစ်ရေးတင်းမာနေတဲ့ အနေအထားတွေ အပြန်အလှန် လက်နက်ကြီး တွေဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ အနေအထားတွေရှိပါတယ်။”
ပအို၀်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ကို စတင်ဖွဲ့စည်းခဲ့သော ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ က တည်းက PNFC နှင့် PNLO တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင်လည်း စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသပေါ် ပေါက်ရေး တို့အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အဆိုပါ အဖွဲ့များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ် ပြန်ထားသည်။