လိုင်စင်မဲ့ ဆိုင်ကယ် သမားများအား စစ်သား စုဆောင်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။ 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီး ငွေညှစ်တောင်းခံနေပြီး ငွေမပေးနိုင်သူများကို စစ်သားသစ် စုဆောင်းနေသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများ ကိုလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီက လိုင်စင်မဲ့ ယာဉ်များအား ဖမ်းဆီးအရေး ယူနေသော်လည်း ငွေပေးနိုင်သူများကို ပြန် လွှတ်ပေးလျှက်ရှိပြီး ငွေမပေးဆောင်နိုင်ပါက ဖမ်းဆီးကာ စစ်သားသစ်အဖြစ် စုဆောင်းခေါ်ဆောင် သွား သည်ဟု ရေးမြို့  ဒေသခံ လူငယ်တစ်ဦး က ပြောသည်။

ရေးမြို့ ဒေသခံ လူငယ်တစ်ဦးက ဖမ်းလိုက်ပြီးတော့ ပိုက်ဆံနဲ့ လာရွေးနိုင်တဲ့ သူဆို ပြန်လွှတ်ပေး လိုက်တယ် ပေါ့။ လာရွေးမနိုင်တဲ့လူဆို တစ်ခါတည်း စစ်ကြောရေးထဲ ထည့်လိုက်တယ်။ ပိုက်ဆံပေးနိုင်တဲ့ လူတွေကလည်း ပြန်လွှတ်သွားတာရှိတယ်။ တစ်ချို့ ကြတော့ ပိုက်ဆံလည်း မနိုင်ဘူးကွာ။ သူတို့မှာလည်း ငွေရေးကြေးရေး မပြည့်စုံဘူး။ ဆိုင်ကယ်လည်းသိမ်း လူတွေလည်း စစ်တပ်ထဲထည့်တာတွေ ပြီးရှေ့တန်းတွေ ပို့လိုက်တဲ့ လူတွေ လည်း ရှိတယ်ပေါ့ ဟု ပြောသည်။ 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ယာဉ်မောင်းလိုင်စင် အသစ်ထပ်မံ လုပ်ပေးခြင်းမရှိဘဲ လိုင်စင်မဲ့ဟုဆိုကာ ဖမ်းဆီးငွေညှစ်မှုများ လုပ်နေသည့် အခြေအနေကိုလည်း ရေးမြို့ဒေသခံ လူငယ်က ယခုကဲ့ သို့ ဆက်ပြောသည်။

 “ဆိုင်ကယ် without ဘီးတွေ ဆိုဖမ်းတာတွေ စစ်ကောင်စီက ငွေညှစ်တာတွေ အခုချိန်ထိ သူတို့ တောက် လျှောက် လုပ်နေတာလေ။ အစ်ကိုတို့ ဒီ မြို့ဘက်ခြမ်းမှာဆို နည်းနည်း တော်သေးတယ်ပေါ့။ တောနယ်ဘက်ဆို ပိုပြီးဆိုးတယ်။ တောနည်းနည်း ကျတဲ့ဘက်ဆို သူတို့ တအား ပိုက်ဆံကောက်တယ်။ ပိုက်ဆံ ကောက်လို့ မရ ဘူးဆိုရင် လူပါ ခေါ်သွားတယ်။ ဖမ်းသွားတယ်။ ပြီးရင် ဆိုင်ကယ်လည်း သိမ်းလိုက်တယ်။”  

စစ်ကောင်စီသည် မွန်ပြည်နယ်တွင် ရေးမြို့နယ်အပြင် မော်လမြိုင်မြို့က အချို့နေရာများ၊ သံဖြူဇရပ်မြို့နှင့် မုဒုံ မြို့စသည့် နေရာများရှိ ၎င်းတို့ ထိန်းချုပ်ထားသော ဧရိယာအတွင်း လိုင်စင်မဲ့ ယာဉ်မောင်းများအား ဖမ်းဆီး ငွေညှစ်မှုများ တော်တော်များများ လုပ်ဆောင်နေသည်ဟု  မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။  

စစ်ကောင်စီက လမ်းစည်းကမ်း ဥပဒေအရ လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့အတွက် ဝင်ငွေရရှိရန်သာ လုပ်နေခြင်းဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က အခုက လိုင်စင်မဲ့တွေ တော်တော်များများ ဖြစ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကုန်းလမ်း ပို့ဆောင်ရေး ကနေပြီးတော့ သူတို့ လိုင်စင် ထုတ်မပေးတော့ဘူး။ ဆိုတဲ့ အခါကြတော့ သွင်းလာတဲ့ ဆိုင်ကယ် တော်တော်များများက လိုင်စင်မဲ့တွေ။ ဆိုတော့ အဲ့ဒီအပေါ်မှာသူတို့က ငွေရှာပေါက် ပုံစံမျိုး သုံးပြီးတော့ သက်သက်ကို ဂွင်ဆင်ပြီးတော့ arrest လုပ်နေတဲ့ သဘောပါပဲ။ ဆိုတဲ့ခါကြတော့ operate ရှိတဲ့အခါ ရှောင် တခင်ပေါ့နော်။ လျှပ်တပြတ် ဂိတ်တွေချတယ် ပြီးလို့ရှိရင် ဖမ်းတယ်။ ပြီးလို့ရှိရင် တစ်စီးကို ဘယ်လောက် ဘယ်လောက် ဆိုပြီးတော့ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်ရင် သိမ်းသွားတယ် ဟု ပြောသည်။

ဒဏ်ရိုက်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ အများစုမှာ မြို့ခံများ မဟုတ်သည့် နယ်မှ တက်လာသူများ၊ တောရွာမှ မြို့ပေါ် သို့ ဈေးရောင်းဈေးဝယ်ရန် တက်လာသူများနှင့်  အလုပ်ကိစ္စရှိ၍ ထွက်လာသူများ ဖြစ်သည်ဟု နိုင်အဲမွန် က ဆို သည်။ 

နိုင်အဲမွန်က တစ်ခါတစ်ခါ ဖမ်းလို့ရှိရင်တော့ အများကြီးပါပဲ။ အရင်တုန်းက တွေ့ဖူးသလောက် ဆိုလို့ရှိရင်  လောလီကားနဲ့ နှစ်စီး သုံးစီးလောက် ဆိုင်ကယ် သိမ်းသွားတာရှိတယ်။ ဆိုတော့များတယ်။ တစ်ခါတစ်ခါ ဖမ်း လို့ရှိရင် Case အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ၉၀၊ ၁၀၀ တော့ အနည်းဆုံး  ရှိမယ်နော် ဟု ပြောသည်။

ထို့ ဖမ်းဆီးမှုများသည် ပြည်သူလူထု၏ လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ အသက်ရှင် နေထိုင်ခွင့်ကို စစ်ကောင်စီမှ ချိုးဖောက်နေခြင်း ဖြစ်သည်ဟု (HURFOM) က ဆိုသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီမှ လာဘ်ပေးလာဘ်ယူမှုများ၊ အာဏာအလွှဲသုံးစား လုပ်ပြီး ပြည်သူလူထုကို ဖိနှိပ်သည့် လုပ်ရပ်များလည်း ပိုမို ထွန်းကားလာနေသည်ဟု နိုင်အဲမွန်က ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ ဒေသများတွင် စစ်ကောင်စီ၏ လက်အောက်ခံတပ်နှင့် အဖွဲ့အစည်းများမှ အာဏာအလွှဲသုံး စားလုပ်မှု၊ အနိုင်ကျင့်မှု၊ ငွေညှစ်မှု နှင့် ပြည်သူပိုင် ပစ္စည်းသိမ်းယူမှု စသည့်  လူ့အခွင့်အရေး ချိုးဖောက်မှုများကို တောက်လျှောက် ကျူးလွန် နေကြသည်ဟု နိုင်အဲမွန်က ဆိုသည်။