ယခုနှစ် ၁၁ လအတွင်း စစ်တပ်နှင့် ရဲ ၅၀၀ နီးပါး ပြည်သူ့ရင်ခွင် ခိုလှုံရေးထံ ဘက်ပြောင်း ခိုလှုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
ပြည်သူ့ရင်ခွင် ခိုလှုံရေးထံသို့ (၁၁) လအတွင်း စစ်တပ်ဘက်မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့်နှင့် ရဲတပ်ဖွဲ့ဘက်မှ ဒုရဲမှူး အဆင့် အပါအဝင် ၄၇၅ ဦး ဆယ်သွယ် ခိုလှုံလာသည်ဟု အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) က ပြော သည်။
အမျိုးသားညီညွှတ်ရေး အစိုးရ NUG ဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် ထည့် သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “၂၀၂၄ ဇန်နဝါရီလကနေ နိုဝင်ဘာလ အထိ ၁၁ လ ကာလအတွင်းမှာ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ပြီး ခိုလှုံလာတဲ့သူ ခြေလျင်တပ်သား ၃၀၂ ဦး၊ ရေတပ်သား ၁၁ ဦး၊ လေတပ်သား ၁၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ဦး၊ အကျဉ်း ဦးစီးဝန်ထမ်း ၅ ဦးစုစုပေါင်း ၄၇၅ ဦး ရှိခဲ့ပါတယ်” ဟု ပြောသည်။
ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူများထဲတွင် အဓမ္မစစ်သား စုဆောင်းခြင်း ခံရသူများလည်း ပါသည်ဟု ဆက်ပြော သည်။
“ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူတွေထဲမှာ အကြမ်းဖက် စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကို ခံခဲ့ရသူလည်း ပါဝင်ခဲ့ ပြီးတော့ စုစုပေါင်း ၃၃ ဦး ရှိခဲ့ပါတယ်” ဟု ပြောသည်။
ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ၄၇၅ ဦး အထဲမှ ၁၉၁ ဦး သည် လက်နက်နှင့်အတူ ဝင်ရောက်လာသူများဖြစ်ပြီး ၎င်းတို့ ယူဆောင်လာသည့် လက်နက် အမျိုးအစားပေါ် မူတည်၍ ပြည်သူရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင် အထည်ဖော်မှု ကော်မတီမှ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဦးနေဘုန်းလတ် က ဆိုသည်။
ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အချိန်မှစ၍ ၃ နှစ်ကျော် ကာလအတွင်း စစ်သား ၃၇၀၀ ဦးကျော် နှင့် ရဲတပ်ဖွဲ့ဝင် ၁၁၀၀၀ ဦး ကျော် ဖြင့် စုစုပေါင်း ၁၅,၀၀၀ ဦး ခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး ၎င်းတို့ နှင့်အတူ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ပြည်သူရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီသို့ ခိုလှုံလာသည့် မိသားစုဝင်များကို လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပံ့ပိုးပေးလျှက်ရှိသည် ဟု NUG က ဆိုသည်။
ပြည်သူရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီနှင့် ချိတ်ဆက် လာခြင်းမရှိဘဲ နည်းလမ်း ပေါင်းစုံဖြင့် စစ်ကောင်စီထံမှ လမ်းခွဲခဲ့ကြသူများ၊ တပ်အတွင်း အာဏာဖီဆန်မှု ပြုလုပ်နေကြသူများ နှင့် တပ် တွင်းမှ တစ်နည်းနည်းဖြင့် ကူညီပံ့ပိုး ပေးနေကြသူများလည်း ရှိနေပြီး ၎င်းတို့၏ အားထုတ်မှုများကိုလည်း အမျိုးသားညီညွှတ်ရေး အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း ဦးဘုန်းလတ်က ပြောသည်။
အမျိုးသား ညီညွှတ်ရေး အစိုးရ NUG အနေဖြင့် သွေးထွက်သံယို နည်းနိုင်သမျှ နည်းစေရေးနှင့် တော်လှန်ရေး အောင်နိုင်ရေးကို ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံမှု အစီအစဉ်ကို ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီနှင့် လမ်းခွဲပြီး ပြည်သူ့ ရင်ခွင်ခိုလှုံလာသည့် စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံ ကူညီပေးလျှက် ရှိသည်ဟု NUG က ဆိုသည်။