စစ်မှုထမ်းထောက်ပံ့ကြေး မပေးပါက ရွာကနှင်ထုတ်ခံရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို အစည်းအဝေး ခေါ် ကာ စစ်မှုထမ်း ထောက်ပံ့ကြေး မပေးဆောင်းပါက ရွာထဲမှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အစည်း အဝေး တက်ခဲ့သည့် ဒေသခံအချို့က ပြောသည်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖိုးသာအေးကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးယဉ်ဌေး က ဒီဇင်ဘာလ ၉ ရက်နေ့က ဖိုးသာအေးကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြောခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဖိုးသာအေး ကျေးရွာအုပ်စုထဲက ကံစုကျေးရွာမှ ရွာသားတစ်ဦးက “စစ်မှုထမ်း ထောက်ပံ့ကြေး တစ်အိမ်ကို ၂၅,၀၀၀ ကောက်မှာ။ ဒီတစ်ခါပဲလား လတိုင်းပေးရမှာလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မပြောဘူး။ မပေးရင် ရွာမှာ မနေနဲ့ နှင်ထုတ်ခံရမယ်။ စစ်တပ်နဲ့ ခေါ်ပြီး နှင်ထုတ်မှာလို့ ပြောတာ” ဟု ပြောသည်။
ဖိုးသားအေး ကျေးရွာအုပ်စုအတွင်း၌ ဖိုးသာအေးကျေးရွာ၊ ပန်းခဝကျေးရွာ၊ ကံစုကျေးရွာနှင့် ခူမာန်ကျေးရွာ စုစုပေါင်း ကျေးရွာ ၄ ရွာရှိပြီး အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိသည်ဟု ဆိုသည်။
ဖိုးသာအေးရွာတွင် နေထိုင်သူတစ်ဦးကလည်း “ဒီကောင် (အုပ်ချုပ်ရေးမှူး ယဉ်ဌေး) က အရက်မူးလာရင် PDF ကို ထောက်ပံ့နေတဲ့ ကောင် တွေ နိုင်ငံရေး အကြောင်းပြောတဲ့ သူတွေ၊ ငါ့ကို မလေးမစား မချေမငံ ဆက်ဆံတဲ့ သူတွေ သတိထားနေကြ။ ငါ့ အကြောင်း သိအောင် ထိထိရောက်ရောက် အရေးယူပြဦးမယ်လို့ အော်ပြီး ကြိမ်း မောင်းနေသေးတာ” ဟု ပြောသည်။
ဦးယဉ်ဌေး၏ ဖခင်ဖြစ်သူ ဦးမြင့်အေးသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူမုန်းများသော အုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး စစ်တပ်နှင့်ပေါင်းကာ သားဖြစ်သူကို အုပ်ကြီးနေရာ လွှဲပေးခဲ့ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။
ခူမာန်ရွာသားတစ်ဦးက “အဖေ့ထက်သားက လက်စောင်းပိုထက်ရမယ်ဆိုပြီး ကြွေးကြော်နေသေးတာ။ စစ်မှု ထမ်း ထောက်ပံ့ကြေး ကောက်တာကလည်း သူ့အိတ်ထဲ ထည့်ဖို့ပဲ ဖြစ်မှာ။ စစ်တပ်ကို ပိုင်တော့ ဘယ်သူကမှ မပြောရဲကြဘူး” ဟု ပြောသည်။
ပန်းခဝကျေးရွာထိပ် ဆိုင်းဘုတ်နေရာတွင် အုပ်ကြီးယဉ်ဌေး၊ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်များ ပူးပေါင်းအဖွဲ့က နေ့စဉ် စက်ဘီး၊ ဆိုင်ကယ်၊ ကားများကို စစ်ဆေးမှုများ လုပ်နေပြီး အကြောင်းအမျိုးမျိုးဖြင့် ဒဏ်ကြေးငွေ ကျပ် ၁၅,၀၀၀၊ ကျပ် ၃၀,၀၀၀၊ ကျပ် ၁၀၀,၀၀၀ အထိ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။