ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ ကျောက်နီမော်ကို  ခံစစ်ဆင်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

လောင်းလုံးမြို့နယ် တောင်ဘက်ပိုင်းရှိ ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီ၏ တပ်စခန်းများကို စစ်ကောင်စီမှ ကြည်း၊ ရေ၊ လေတပ်များ ပူးပေါင်းပြီး ခုခံနေသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် စခန်းသုံးခုကို ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဝင်ရောက် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဘက်မှ K-8W တိုက်လေယာဥ်ဖြင့် ကျောက်နီမော် ကျေးရွာထဲသို့ နှစ်ကြိမ် ဗုံးကြဲသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

အသက် ၄၅ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက “တိုက်လေယာဥ်နဲ့ နိမ့်နိမ့်လေးဝဲပြီး ဗုံးလာကြဲသွားတာ၊ ၁၅ မိနစ် လောက်ပဲ ကြာအုံးမယ်။ နောက်တစ်ခါထပ်ပြီး လာကြဲသေးတာ၊ ရွာအပြင်ဘက်က ပင်လယ်ပြင်မှာ ရှိနေတဲ့ စစ်သင်္ဘောကလည်း မနေ့က ညနေပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသေးတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ်မှ ထားဝယ်မြစ်အတိုင်း လှေသုံးစီးဖြင့် စစ်ကူပို့ခဲ့သော်လည်း အဆိုပါ စက်လှေများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းများကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေသည်။

တိုက်ပွဲများကြောင့် ကျောက်နီမော်၊ ဇလွတ်၊ ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်မတ်တပ် ကျေးရွာများမှ ရွာသားများ အားလုံး ရွာလုံးကျွတ် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ရွာသားများက ဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့မှ ပြည်သူများကို လုံခြုံ‌ဘေး ကင်းနိုင်သည့် နေရာများနှင့် ဗုံးခိုကျင်းများ ထဲတွင် နေထိုင်ကြရန် အရေးပေါ် သတိ‌ပေးချက်များ ထုတ်ပြန်ထား သည်။