စစ်ကောင်စီက ဖမ်းဆီးသွားသူများကို မြိတ်ဘက်ရှိ လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။

ကော့သောင်းလှေဆိပ်မှ ခလရ ၂၆၂ တပ်ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသားများကို မြိတ်ဘက်ရှိ လေ့ကျင့်ရေးတပ်ထံ ရေလမ်းခရီးမှ တဆင့် ပို့ဆောင်လိုက်သည်ဟု မိသားစုဝင်များကပြောသည်။

ရနောင်း လဝက အချုပ်ခန်းမှ ကော့သောင်းလှေဆိပ်သို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နေရပ် ပြန်ပို့ ခံရသူ ၂၁၉ ဦးထဲမှ အမျိုးသမီး ၁၈ ဦးကလွဲ၍ အမျိုးသားများ အားလုံးကို စစ်ကောင်စီက ကော့သောင်းမြို့နယ် အခြေစိုက် ခလရ ၂၆၂ တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ ခန့်အရွယ် မိသားစုဝင်တစ်ဦးက စစ်မှုထမ်းရမယ်လို့ ပြောတယ်တဲ့။ လုံးဝထုတ်မရဘူး။ အရင် အခေါက်တွေ တုန်းကတော့ သိန်းနှစ်ဆယ် သုံးဆယ်ပေးပြီး ထုတ်လို့ရသေးတယ်။ အခုက သိန်းငါးဆယ် ခြောက်ဆယ် ပေးပြီးရွေးတာ မရဘူး။ မြိတ်ကိုပို့လိုက်ပါပြီ ဟု ပြောသည်။

အသက်ကြီးပိုင်း ၂ဦးကို ဖယ်ထုတ်ပြီး ကျန်သည့်အမျိုးသား ၁၉၉ ဦးကို တပ်ရင်းတွင် ဆေးစစ်ချက် ပြုလုပ်ပြီး နောက် မြိတ်ဘက်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

တပ်သားသစ်အဖြစ် စုဆောင်းခံရသူများကို သင်တန်းအချိန်ကာလ ၁ လ ပို့ချပေးမည် ဖြစ်ပြီး ၂ နှစ်အကြာ စစ်မှုထမ်းရမည်ဟု ပြောဆိုကာ ဒီဇင်ဘာလ ၂ဝ ရက်နေ့ ညနေပိုင်းက မြိတ်ဘက်ကို ရေလမ်းခရီးဖြင့် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်မှုထမ်းရန် မြိတ်ဘက်သို့ ခေါ်ဆောင်သွားခြင်း ခံရသူများအထဲတွင် အသက် ၃၅ နှစ်ကျော်သည့် အမျိုးသားများလည်း ပါရှိနေပြီး စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေတွင် သတ်မှတ်ထားသော အသက်အရွယ် ကန့်သတ်ချက်ထက် ကျော်လွန်နေသည်။

ယခင်အကြိမ်များ၌ ခလရ ၂၆၂ တပ်ရင်းထဲ၌ မိသားစုဝင်များက တစ်ဦးကို အနည်းဆုံး ဘတ် ၂ သောင်း ဝန်းကျင်အထိ ပေးပြီး ရွေးထုတ်ယူ၍ ရကြောင်း ပြန်လည် လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူများ၏ မိသားစုဝင်များမှာ ငွေကြေးပေး၍ ထုတ်ယူသော်လည်း မရသည့်အတွက် စိုးရိမ်ပူပန်နေကြသည်။