KTLA တပ်စခန်း ၅ ခုကို KNU က ဝင်ရောက်ရှင်းလင်းပြီးလူနှင့် လက်နက်များကို သိမ်းဆည်း

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။

ထားဝယ်မြို့နယ် အရှေ့တောဒေသမှ ဟိန္ဒားကျေးရွာအုပ်စုအတွင်းရှိ ကော်သူးလေတပ်မတော် KTLA ၏စခန်း ၅ ခုကို KNU က ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။

အဆိုပါ တပ်စခန်းများကို ဝင်ရောက်ရှင်းလင်းပြီးနောက် KTLA တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟု KNU တပ်မဟာ ၄ မြိတ် – ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နယ်မြေရှင်းလင်းမှုအတွင်း ကော်သူးလေတပ်မတော်မှ KTLA တပ်ဖွဲ့ဝင် ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၁၃ လက်ကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိထားသူ KTLA ၁၃ ဦးကို KNU တပ်မဟာဌာနချုပ်ကို ပြန်လည်လွဲအပ်ထားပြီး လုပ်ထုံးလုပ်နည်းများ အတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ရှင်းလင်းရာတွင်ပါဝင်ခဲ့သည့် KNU တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

KTLA တပ်ဘက်မှ KNU/KNLA တပ်ဖွဲ့ဝင်များကို ရန်သူသဖွယ်သတ်မှတ်ပြီး မကြာခဏ လုပ်ကြံသတ်ဖြတ်မှု၊ ခြုံခိုပစ်ခတ်တိုက်ခိုက်မှု၊ ဖမ်းဆီးမှုများ လုပ်နေသဖြင့် KNUတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရခြင်း ဖြစ်ကြောင်း ဆိုသည်။

ပဒိုစောအယ်နာက “KTLA တပ်ဖွဲ့တွေက ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တာမရှိဘဲ KNU/KNLA တပ်ဖွဲ့ဝင်တွေကို မကြာခဏ လုပ်ကြံတိုက်ခိုက်နေတာကြောင့် KNU နယ်မြေအတွင်းကနေ ရှင်းလင်းပစ်တာပါ ဟု ပြောသည်။

ထားဝယ်ခရိုင် အတွင်း ဗိုလ်အယ်ခွီး (ကော်လာဖိုး) ဦးဆောင်သည့် ကော်သူးလေ တပ်မတော် တပ်ဖွဲ့ဝင်များနှင့် KNU တပ်မဟာ ၄ တို့အကြားတွင် ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး နှစ်ဖက်အခြေအနေများ တင်းမာနေခဲ့သည်ဟု ပဒိုစောအယ်နာက ဆိုသည်။

နောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ၊ စခန်းသိမ်းခြင်းများနှင့် ချုံခိုပစ်ခတ်ခဲ့သည့် ဖြစ်စဥ်များကြောင့် နှစ်ဘက်စလုံးတွင် အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင်များ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ရှိခဲ့ကြသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း KNLA တပ်ရင်း(၁၂) တပ်ခွဲ ၄ က ဒုတပ်ခွဲမှူး စောဖားဂျိုးကို KTLA တပ်ရင်း(၃) ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေနှင့် အဖွဲ့က ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းကြောင့် နှစ်ဘက်အခြေအနေ ပိုတင်းမာနေခဲ့သည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ၁၁ ရက်အကြာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နယ်မြေရှင်း မှုမှာလည်း စောဖားဂျိုးပစ်သတ်ခံရသည့် ဖြစ်စဥ်၏ နောက်ဆက်တွဲ အခြေအနေဖြစ်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။

ထားဝယ်ခရိုင်အတွင်း ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် KNU တပ်မဟာ (၄)၊ KNLA တပ် နှင့် ကော်သူးလေ တပ်မတော် ဆာကဆော တပ်မတို့ နှစ်ဖက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း KTLA ကလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အတွင်း ကရင်အမျိုးသား တော်လှန်ရေး တပ်ဖွဲ့ အချင်းချင်း ပဋိပက္ခတွင် အခြားသော တော်လှန်ရေး လက်နက်ကိုင် အင်အားစု အဖွဲ့အစည်းများနှင့် မသက်ဆိုင်ကြောင်း၊ ကြားနေ ဝင်ရောက်စွက်ဖက် ခြင်း မလုပ်ကြရန် ရေးသားထားသည်။

ထို့အပြင် ကရင်တော်လှန်ရေးတပ် အချင်းချင်း ဖြစ်ပွားနေသည့် ပြဿနာများကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ဖြေရှင်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။