မွန်လက်နက်ကိုင်လေးဖွဲ့ပေါင်း၍ တပ်တော်ဖွဲ့စည်းမည်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
မွန်ပြည်သူများ၏ တောင်းဆိုမှုနှင့် စစ်ရေးလိုအပ်ချက်အရ မွန်တပ်တော် တစ်ခုတည်းအဖြစ် ဖွဲ့စည်းသွားမည်ဟု မွန်တော်လှန်ရေးတပ် ၄ ဖွဲ့က ပြောဆိုလိုက်သည်။
မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန် ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့က ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတွင် သဘောတူညီခဲ့ ကြသည်ဟု ဆိုသည်။
လက်ရှိ စစ်ရေးဆောင်ရွက်မှုသည် စုပေါင်းအမိန့်ပေးသည့် ပုံစံဖြင့် ဆောင်ရွက်နေပြီး တစ်သွေးတစ်သံတစ်မိန့် အောက်တွင်ရှိသော မွန်တပ်တော်ကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု မွန်ပြည်ကာကွယ်ရေး တပ် (MSDF) ၏ (တပ်မှူး) သီရိမွန်ချမ်းက ပြောသည်။
“မိမိတို့အန္တိမပန်းတိုင် ရည်ရွယ်ချက်ဖြစ်တဲ့ တပ်တော်တစ်ခုတည်းအောက်မှာ ပြီးတော့ Chief of command တစ်ခုတည်းအောက်မှာပေါ့နော တပ်အနေနဲ့ဖွဲ့စည်းဖို့က အန္တိမပန်းတိုင်ပေါ့နော ဒီလိုမျိုးမတူညီတဲ့ အခြေအနေ အရပ်ရပ်ကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ဒီလို တစ်သွေးတစ်သံတစ်မိန့်လို့ခေါ်တဲ့ Chief of command တစ်ခုတည်းမှာဖြစ်ဖို့ အချိန်တော့ နည်းနည်းယူရမယ် ဒါကြောင့်မလို့ အချိန်ယူနေရတဲ့အချိန်မှာ ကျတော့ Joint command လို့ခေါ်တဲ့ ပူးပေါင်း အမိန့်ပေးမှုပုံစံနဲ့ ကျနော်တို့စတင်ပြီးတော့ လှုပ်ရှားသွားမယ်။ အဲဒီကနေတစ်ဆင့် အခုနက မျှော်မှန်းထားတဲ့ တစ်သွေးတစ်သံတစ်မိန့်လို့ ခေါ်တဲ့ Chief of command တစ်ခု တည်းမှာ ရှိတဲ့ မွန်တပ်တော်အဖြစ် နောက်ဆုံး ဖွဲ့စည်းသွားဖို့ မိမိတို့ ရည်မှန်းချက်ချထားပါတယ် ခင်ဗျ။”
ပထမအဆင့် အနေဖြင့် တပ်အဖွဲ့ (၄) ဖွဲ့မှ ပူးတွဲ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းအမိန့်ပေးမှု ပုံစံဖြင့် စစ်ရေးဆောင်ရွက် သွားမည်ဖြစ်သည်ဟု ပြောသည်။ သို့သော် တစ်သွေးတစ်သံ တစ်မိန့် အောက်တွင် ရှိသည့် မွန်တပ်တော်ကို ဖွဲ့စည်းနိုင်ရန် ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်ဟု ဆိုသည်။
မွန်တပ်တော် တစ်ခုတည်း ပေါ်ထွန်းလာရေးသည် မွန်ပြည်သူများ၏ တောင်းဆိုမှုကြောင့် ဖြစ်သည်ဟု သီရိမွန်ချမ်း က ဆက်ပြောသည်။
“မွန်ပြည်သူလူထုတစ်ရပ်လုံး မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်တွေအားလုံး တစ်စု တစ်စည်း တည်းဖြစ်အောင် အခုလိုမျိုးတကွဲတပြား လှုပ်ရှားနေမယ့်အစား ကျစ်လစ်ခိုင်မာတဲ့ တပ်ပေါင်း စုတစ်ခုအနေနဲ့ ပဲဖြစ်ဖြစ် တပ်တစ်တပ်တည်း အနေနဲ့ပဲဖြစ်ဖြစ် လှုပ်ရှားဖို့ အစဉ်တစ်စိုက် တောင်းဆိုနေတဲ့အတွက် မိမိတို့ မွန်ပြည်သူလူထုတွေရဲ့ တောင်းဆိုမှုကို အလေးထားတဲ့ သဘောနဲ့လည်း ဖွဲ့စည်းရခြင်းဖြစ်တယ်ဗျ။”
ထို့အပြင် လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများအရ စစ်ကောင်စီကို အမြစ်ပြတ် တိုက်ခိုက်ရန် တစ်ဦးတစ်ဖွဲ့ တည်းဖြင့် လုပ် ဆောင်ရန် မဖြစ်နိုင်ပဲ မဟာမိတ်ဖွဲ့ပြီး မဟာဗျူဟာ ကျကျ ပူးပေါင်းဆောင်ရွက်ရန် လိုသော ကြောင့် မွန်တပ်တော် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်ဟု သီရိမွန်ချမ်း က ပြောသည်။
“တစ်ကွဲတစ်ပြားစီ တိုက်ပွဲဝင်နေရင် ဘုံရန် သူကို အမြစ်ဖြတ်ချေမှုန်းနိုင်မှာမဟုတ်ဘူး ဒါကြောင့် စစ်ရေးအရ မဟာမိတ် မဟာဗျူဟာ လို့ခေါ်တဲ့ Strategic alliance လို့ပဲခေါ်ခေါ် ဒီ Alliance strategic လို့ခေါ်တဲ့ ဒီမဟာ မိတ် မဟာဗျူဟာအရ ပူးပေါင်းတိုက်ပွဲဝင် သွားမှသာ အောင်မြင်နိုင်မှာ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ ဖြစ်နိုင် ရင် မွန်တပ်တော် တစ်တပ်တည်းအနေနဲ့ ဒါမှမဟုတ် အနိမ့်ဆုံး ကျစ်လစ်ခိုင်မာတဲ့ တပ်ပေါင်းစု တစ်ခုအနေနဲ့ ပူးပေါင်း တိုက်ပွဲဝင်သွားဖို့ မိမိတို့အနေနဲ့ စစ်ရေးရည်မှန်းချက်တွေ စစ်ရေးပန်းတိုင်တွေကို ချမှတ်ထားတယ်၊ ဒီစစ်ရေး ရည်မှန်းချက် ပန်းတိုင်အတွက်ပဲ အခုကတော့ ပူးပေါင်းဆောင်ရွက်မှု အဆင့်ကနေ ဒီတစ်တပ်တည်း ဖြစ်အောင် ဖော်ဆောင်ဖို့ ဆုံးဖြတ်ကြခြင်း ဖြစ်တယ်။”
လက်ရှိ မွန်ပြည်နယ်ထဲတွင် စစ်ရေးအခြေနေများ ကြီးကြီးမားမား မရှိသော်လည်း ဗျူဟာမြောက်စစ်ရေး ဖော် ဆောင်ရေးများ လုပ်ဆောင်သွားရန် ရှိသည်ဟု မွန်တော်လှန်ရေး တပ်ပေါင်းစုများက ဆိုသည်။
တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို ယခင်ကလည်း တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပြီး ယခုတစ် ကြိမ်မှသာ သဘောတူညီချက် ရရှိခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိ မွန်တပ်တော် တစ်ခုတည်းအဖြစ် ဖွဲ့စည်းသွားမည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (၄) ဖွဲ့သည် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ပြီး မွန်ပြည်အတွင်းရှိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။