ကလေး ၂၀ ခန့် သဲလွန်စမရပဲ ပျောက်ဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။ 

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့များက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ တောင်ဝိုင်းရပ်ကွက်မှ ကလေးငယ် ၁၃ ဦးသည် နိုဝင်ဘာလ တတိယပတ်အတွင်းတွင် သဲလွန်စ မရှိဘဲ ပျောက်ဆုံးသွားခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM က ဆိုသည်။

ကလေးငယ်များမှာ ၎င်းတို့၏ ရပ်ကွက်ထဲ၌ပင် နေထိုင်ရင်း ပျောက်ဆုံးသွားကြခြင်းဖြစ်သည် ဟု မွန်ပြည်လူ့ အခွင့် အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်ကCase တော်တော်များများက ပတ်ဝန်းကျင်မှာတင် ပျောက်သွားတာ။ ဥပမာ တောင်ဝိုင်းလိုမျိုးဆို သူက ဘုရားသုံးဆူမြို့ပေါ် ရပ်ကွက်နော်။ အဲ့ဒီ မြို့ပေါ် ရပ်ကွက်မှာတင် ပျောက်သွားတာ။ နောက်တစ်ခုကြ နှင်းဆီလမ်းတို့ ဘုရားသုံးဆူက ရပ်ကွက် သိပ်တော့ မများလှပါဘူး။ တော်တော် များများကတော့ မြို့ပေါ်မှာပဲ ရှိတဲ့ ရပ်ကွက်တွေ။ အဲ့ဒီပတ်ဝန်ကျင်တွေမှာ ပျောက်တဲ့ခါကြတော့ တော်တော်လေးတော့ စိတ်ပူစရာ ဖြစ်တယ် ပေါ့နော်” ဟု ပြောသည်။

အလားတူ ဒီဇင်လာလ ၆ ရက်နေ့တွင်လည်း ဘုရားသုံးဆူမှ ကလေးငယ် ၇ ဦး ထပ်မံ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးသွားသည့် ကလေးငယ်များမှာ အသက် ၄ နှစ်အရွယ် တစ်ဦး အပါအဝင် အသက် ၈ နှစ်မှ ၁၀ နှစ် အရွယ် အကြားရှိ ကလေးငယ်များ ဖြစ်ကြသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသွားသည့် ကလေးငယ်များနှင့် ပတ်သက်သည့် သတင်း အစအနပင် မရရှိ သေးသည့်အတွက် မိဘများက အလွန်စိုးရိမ်နေကြသည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ယခုကဲ့သို့ ပြော သည်။

ဘုရားသုံးဆူမြို့ခံ တစ်ဦးက “ဒီနေ့အထိတော့ ပျောက်ဆုံးနေတဲ့ ကလေးတွေအကြောင်း ဘာမှ မကြားရ သေး ဘူး။ ဘယ်သူကသူတို့ကို ခေါ်ယူသွားလဲတော့မသိဘူး။ သူတို့အမေတွေက သူတို့အတွက် အရမ်းစိုးရိမ် နေကြ တယ်” ဟု ပြောသည်။

ကလေးငယ်များ အကြောင်းမဲ့ ပျောက်ဆုံးသွားရခြင်းနှင့် ပတ်သက်၍ မိဘများ၊ မိသားစုဝင်များသည် မည်သို့ ဆက်လုပ်ရမည်ကို မသိကြသလို မည်သည့်နေရာများတွင် သွားရှာရမည်ကိုလည်း မသိကြဟုဆိုသည်။

မိဘများအနေဖြင့် ပျောက်ဆုံးနေသည့် ၎င်းတို့၏ ကလေးငယ်များ အသက်အန္တရာယ်ကို စိုးရိမ်နေရသည်ဟု နိုင်အဲမွန် က ပြောသည်။

မပြောကောင်း မဆိုကောင်း သေမှာလား ရှင်မှာလား မပြောတတ်ဘူး လေးနော်။ နောက်တစ်ခါ ပုံစံပြောင်း ပြီးတော့နော် မူးယစ်ဆေးတွေ ဘာတွေထိုးပြီးတော့ ခေါ်သွားတာတို့။ အဲ့ဒီမှာတစ်ခြားအလုပ်တွေ လုပ်ခိုင်း တာတို့။ တောင်းရမ်း စားသောက်ခိုင်းတာ တို့ဆို ပိုဆိုးသွားပြီး အဲ့တာ။ အဲ့ပြဿနာလည်း တက်မှာ ကြောက် တယ်။ ဘာလို့ဆို မြန်မာနိုင်ငံတစ်လျားမှာ အဲ့လိုမျိုး ဖြစ်တာ အများကြီး ပဲနော်။ ဒီဘက် ထိုင်းရောက်လာတဲ့ ခါကြတော့လည်း လူကုန်ကူးတဲ့ ဂိုဏ်းတွေက နေပြီးတော့ ခိုးသွား ဂိုဏ်တွေကလည်း အများကြီး ရှိတာကိုး။ ဆိုတော့ နယ်စပ်ဆိုတော့ တော်တော်လေး စိုးရိမ်စရာ ကောင်းတယ်။”


စိုးရိမ်မှုများ ရှိနေသည့် အခြားတစ်ဖက်တွင် ကလေးများ ပျောက်ဆုံးနေသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ကူညီ ဖြေရှင်းပေးမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ မရှိသကဲ့သို့ တိုင်ကြားရမည့် နေရာလည်း ပျောက်ဆုံး နေသည်ဟု ဒေသခံများက ဆိုသည်။

နိုင်အဲမွန် ကကလေး မိဘတွေက ကြည့်ရတာ ဘယ်သူ့ကို ဘယ်လို တိုင်ရမလဲ မသိပါဘူး။ အဲ့ကြားထဲမှာ ကိုယ့် နည်း ကိုယ့် ဟန်နဲ့ လိုက်ရှာရင်းနဲ့ ကလေးတွေက ပျောက်နေတာ။ အဲ့တိုင်ရတဲ့ prosses က မသေချာဘူး။ ဘယ်သူ့ ဘယ်သူ ကို တိုင်ရမလဲ မသိဘူး။ ဘာလို့ဆို စစ်အုပ်စုက မရှိတော့ဘူး။ အဲ့ဒီမှာဆိုလို့ရှိရင် DKBA  ရှိတယ်။ နောက် မွန် ပြည်သစ်တပ်ဖွဲ့တွေ ရှိတယ်။ ပြီးလို့ရှိရင်  KNU တပ်ဖွဲ့တွေ ရှိတယ်လေး။ ဆိုင်ရာတွေ တော့ ပြော ကြမယ် ထင်တာပဲ။ အခုထိတော့ တရားဥပဒေစိုးမိုးရေး က ဘယ်သူ့ရဲ့ လက်အောက်မှာရှိလဲ မပြော တတ်တဲ့ ခါကြတော့ တရားရေးဆိုင်ရာ ရင်ဆိုင်ဖြေရှင်း ရမယ့်ကိစ္စကတော့ ဘယ်သူ့ကို သွားပြီး တိုင်ရ မယ်ဆိုတာ မသိဘူး ဖြစ်နေတာလေး” ဟု ပြောသည်။

မွန်ပြည်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာတွင်လည်း နိုဝင်ဘာလ တတိယပတ်အတွင်းက ဆယ်ကျော်သက် အရွယ် ကလေးလေးဦး ပျောက်ဆုံးသွားခဲ့ပြီး သုံးရက် အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည် ဟု HURFOM က ဆိုသည်။

ယခုကဲ့သို့ ကလေးငယ်များ၊ အမျိုးသမီးငယ်များနှင့် လူငယ်များ ပျောက်ဆုံးမှုများသည် နောက်ထပ် ဖြစ်လာ နိုင်ပြီး ကြိုတင် ကာကွယ်တားဆီးရမည့် အစီအမံများနှင့် တရားဥပဒေစိုးမိုးမှု အစီအမံများလည်း မြေပြင်တွင် မရှိနေသည့် အတွက်ကြောင့် အလွန် စိုးရိမ်ဖွယ်ရာ ကိစ္စရပ် ဖြစ်သည်ဟု နိုင်အဲမွန်က ဆိုသည်။