ရှမ်း-ကရင်နီ နယ်စပ်တွင် အဆိပ်ငွေ့ဗုံးများ သုံးဟု ကရင်နီ တော်လှန်ရေးအဖွဲ့များ စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။
ကရင်နီပြည် နှင့် ရှမ်း – ကရင်နီ နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများထဲ နေရာအချို့တွင် စစ်ကောင်စီက အဆိပ်ငွေ့များကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်လာသည်ဟု ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက ပြောသည်။
ဖယ်ခုံ၊ မိုးဗြဲ နှင့် လွိုင်ကော် လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အဆိပ် ငွေ့များကို အသုံးပြုပြီး တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ကရင်နီ တော်လှန်းတပ်များက ဆိုသည်။
တော်လှန်ရေး တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် စစ်ရှုံးသည့်အခါတိုင်း စစ်တပ်က အဆိပ်ငွေ့များကို အသုံးပြုပြီး တိုက်ခိုက်လေ့ရှိသည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူကြီး ဘုန်းနိုင်က ပြောသည်။
ဗိုလ်မှူးကြီး ဘုန်းနိုင်က “သူတို့က လုပ်ထုံးလုပ်နည်းကတော့ နောက်ဆုံးမနိုင်ရင် အဲ့ဒါပဲ လုပ်တယ်လေ။ အဲ့ဒါက သူတို့ရဲ့ လုပ်ထုံးလို့ ပြောရမလား” ဟု ပြောသည်။
စစ်တပ်က အဆိပ်ငွေ့ အသုံးပြုပြီး တိုက်ခိုက်မှုများကို ယခင်ကတည်းက လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်မှူးကြီး ဘုန်းနိုင် က ဆက်ပြောသည်။
“အသုံးပြုပါတယ်။ ၂၀၀၅ တုန်းကလည်း ကျနော်တို့ ခံရတယ်လေ။ ဒီနယ်စပ်တစ်ကြောမှာ ဖြစ်တဲ့ကိစ္စ တိုက်ပွဲ ၄ လကြာတဲ့ တိုက်ပွဲပေါ့နော်။ ၂၀၀၅ တုန်းကပဲ။ အဆိပ်အငွေ့ ပါတယ် သုံးတယ် အဲ့ဒါမျိုးပေါ့။”
မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော စစ်ကောင်စီ၏ ခမရ (၄၂၂) တပ်မှ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိူးသားများ ကာကွယ်ရေးတပ် KNDF က ဒီဇင်ဘာလ ၁၃ ရက် နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒီဇင်ဘာလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့တို့တွင် လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒရုန်းဖြင့် လာရောက် တိုက်ခိုက်ချိန်တွင် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များဖက်၌ ထိခိုက်မှုများ မရှိခဲ့သော်လည်း မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်မလန်းဆန်းခြင်း၊ အားပြတ်ခြင်း စသည့် ဝေဒနာများ ခံစားခဲ့ကြရ၍ ဗုံးသီးကျရောက်ခဲ့သည့် နေရာများအား စစ်ဆေးခဲ့ရာ အက်စ်ဖော့စ် အဆိပ်ငွေ့ ပြား များကို ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု KNDF က ဆိုသည်။
ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က “ဒါက လူ့ရဲ့ ဘဝ အသက်တာကို ဆန့်ကျင်တယ် ပေါ့ နော်။ မဖြစ်သင့်တဲ့ ဥစ္စာနဲ့ လုပ်တယ်ဆိုတော့ ဒါက မကောင်းဘူးပေါ့လေး။ အဆိပ်ငွေ့ပါတယ် ဆိုတော့ ဒါက မကောင်းတဲ့ အလုပ်တွေပဲ။ ဒါက လူသားတွေ အပေါ်မှာက ကျူးလွန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ကျနော် အဲ့လိုပဲ မြင်ပါတယ်။ သူတို့ရဲ့ သေနတ်နဲ့ ပစ်တာတောင် သေပြီ အဆိပ်ပါထပ်ထည့်ဆိုတော့ ဒါ တစ်အား လွန် သွားတာပေါ့။ မသုံးမလုပ်သင့်တဲ့ ဥစ္စာ၊ မဖြစ်သင့်တဲ့ ဥစ္စာလုပ်တယ်ဆိုတာတော့ သူတို့မှာ တာဝန်ရှိတယ်ပေါ့ အဲ့လိုပဲ ကျနော် ပြောချင်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်မှ အသုံးပြုသည့် S-PHOS အဆိပ်ငွေ့နှင့် ထိတွေ့မိပါက ဖြစ်ပေါ်လာသည့် အန္တရာယ်များနှင့် လက္ခဏာများကို S-PHOS အဆိပ်ငွေ့အကြောင်း လေ့လာသိရှိသူ KNDF တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြော သည်။
“Phosphine ဓါတ်ငွေ့ဟာ Hazards level မှာ Category 1 ရှိတယ်။ ပြောရရင်တော့ အပြင်းဆုံးပေါ့။ မီးလောင် လွယ်တဲ့ နေရာမှာလည်း Category 1၊ အရေပြားကို လောင်ကျွမ်းစေတဲ့ နေရာမှာနဲ့ မျက်လုံး ထိခိုက်မှုမှာ Category 1၊ အဆိပ်အတောက် ဖြစ်စေမှုမှာလည်း Category 1 ရှိတယ်။ ရှုမိရင် မူးဝေ၊ အော့အန်၊ ဝမ်းလျှော၊ ကိုယ်လက်ကိုက်ခဲ စတာတွေ ဖြစ်မယ်။ မျက်စိထဲ အခိုးရိုက်ရင် မျက်စိပျက်စီးမယ်။ အရေပြားနဲ့ထိမိရင် အရေ ပြား ကျွမ်းမှုဖြစ်မယ်” ဟု ပြောသည်။
S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြား Aluminium phosphide နှင့် ထိတွေ့မိပါက အဝတ်အစား များကို ချွတ်၍ ရေချိုးရန်၊ မျက်စိကို ၁၅ မိနစ်ခန့် အနည်းဆုံး ရေဖြင့် ဆေးရန်၊ လေကောင်းလေသန့် သို့မဟုတ် အောက် ဆီဂျင်ရှူခြင်းမျိုး ပြုလုပ်ပေးရမည်ဟု S-PHOS အဆိပ်ငွေ့အကြောင်း လေ့လာသိရှိသူ KNDF တာဝန်ရှိ သူ ပြောသည်။ သို့သော် နှုတ်ခမ်းချင်း တေ့မှုတ်သည့် ရှေးဦးသူနာပြုနည်းကို မပြုလုပ်သင့်ဟု ဆိုသည်။
အဆိုပါ ဓါတ်ငွေ့သည် အရောင်မရှိ၊ အနံမှာ ငါးညှီနံကဲ့သို့ ရှိပြီး လေထက် လေးသည့်အတွက် ဘန်ကာလို နေရာ မျိုးတွင် ဝပ်နေပါက ပိုမို ဆိုးဝါးစွာ ရှူရနိုင်သည်ဟု ပြောသည်။ မီးလောင်လွယ်သည့်အတွက် မီးနှင့် တိုက်ပစ်ရန် လိုသည်ဟု ဆိုသည်။
ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား ထိတွေ့မှုများ ကြိုကြား ဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီဖက်မှ ဒရုန်းအားပြု၍ စစ်ဆင်ရေးများ လုပ်ဆောင် လာသကဲ့သို့ အဆိပ်ငွေ့များကိုပါ ထည့်သွင်း အသုံးပြုလာသည်ဟု KNDF မှ ပြည်သူများအား အသိပေးထား သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့ အနီးဝန်ကျင်တွင် ဒရုန်းများ ပျံဝဲနေခြင်း၊ တိုက်ခိုက်ခံရသည့် နေရာများ နှင့် အနီးတွင်ရှိနေလျှင် သတိကြီးစွာထား၍ ဖြစ်လာပါက လုံခြုံသောနေရာများသို့ ချက်ချင်း ပုန်းခို၍ ရှောင်ရှား ကြရန် KNDF မှ တိုက်တွန်းထားသည်။