မြန်မာပြည်သူများအား အကာအကွယ်ပေးရန် ကရင်နီ အဖွဲ့များက နိုင်ငံတကာကို တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်။ 

စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို အားပေးထောက်ခံမှု မပြုကြရန် နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာပြည်သူများကို အကာအကွယ်ပေးရန်  ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ အတိုင်ပင်ခံ ကောင်စီနှင့် အမျိုးသမီး အစည်းအရုံးတို့က နိုင်ငံတကာ အား တောင်းဆိုလိုက်သည်။

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်သားများမှ အပြစ်မဲ့ကလေးသူငယ်များ အပါအဝင် အရပ်သား များအား ၂၀၂၁ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည့် (၃) နှစ်ပြည့်နေ့တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ  IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန မှ ဒု-ဌာနမှုူး-၁ မော်သဲမာ “နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပေါ့နော်။ အဓိကကတော့ ဒီလိုမျိုး စစ်ကောင်စီရဲ့ လူမျိုးသုဉ်း သတ် ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကိုပေါ့နော်။ ဆက်လက်ပြီးတော့မှ ထောက်ခံ အားပေးတာမျိုး၊ အဲ့လို လုပ်ရပ်မျိုးတွေကို ရှောင်ကျဉ်းပြီး တော့မှပေါ့နော်။ ဒီရာဇဝတ်မှုအတွက် တရားမျှတမှုနဲ့ ပြန်လည်ကုစား ခွင့် လမ်းကြောင်းတွေကို ဖွင့်ပေးဖို့အတွက် ပြောချင်တယ် ပေါ့နော်။ အချိန်ကာလက ကြာသွားပြီဆိုပေမဲ့လည်း ကျမတို့က ဒီဟာကို ဘယ်တော့မှ တရားမျှတမှု မရရှိနေသရွေ့တော့ ဆက်လက်ပြီးတော့ ဖော်ဆောင်သွားမှာဖြစ်တယ်ပေါ့နော်။ အဲ့တာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပြောချင်ပါတယ်။ ဒီလိုမျိုးဖြစ်နေတာကို ထောက်ခံအားပေးမှု မလုပ်ကြဖို့ပေါ့နော်။ ဒီလုပ်ရပ်တွေကို ရှောင်ပေးကြဖို့ပေါ့နော်။ အဓိက ပြောချင်တယ်” ဟု ပြောသည်။

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ၊ ဓနုဖြူတပ်ရင်း ခမရ ၁၀၈ မှ တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၅ ဦးထက်မနည်းနှင့် နယ်ခြားစောင့် တပ် ၁၀၀၄ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး တို့ အစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ရသည်မှာ ယခုနစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ က ၃ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်သည် ၃ နှစ်ပြည့်ပြီဖြစ်သော်လည်း လက်ရှိ အချိန်အထိ တရားမျှတမှု မရရှိသေးကြောင်း ကရင်နီ တော်လှန်ရေး အင်အားစုများက ပြောသည်။

ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ KSCC ကလည်း နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီ၏ စက် ဆုပ်ရွံရှာဖွယ်ကောင်းသော လူမျိုးတုံး သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို အားပေး ထောက်ခံ သော လုပ်ရပ်များအား ရှောင်ကျဉ်၍ ထိုလူမျိုးသုဉ်း သတ်ဖြတ်မှုကို တားဆီးရန် ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန် တောင်းဆိုထားသည်။

ထို့အပြင် ပြည်သူများအား အကြမ်းဖက် တိုက်ခိုက်မှု ပပျောက်ရေး အပါအဝင် လူ့အခွင့်အရေး စံနှုန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို မြှင့်တင်ပေးနိုင်မည့် တရားမျှတမှု ရရှိရေးနှင့် ပြည်လည်ကုစားမှု ရရှိ ရေး လမ်းကြောင်းများကို ဖော်ဆောင်သွားရန် လိုအပ်သည်ဟု KSCC က ထုတ်ပြန်ချက်ထဲတွင် ပြောဆို ထား သည်။

ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် အတွက် တရားမျှတမှုရရှိရန်ကရင်နီပြည်နယ်ရှိ မတူညီ ကွဲပြားသည့် အစုအဖွဲ့ များစုပေါင်း၍ ဆက်လက် ကြိုး စားနေကြသည်ဟု ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာ က ပြောသည်။

မော်ဖရေးမြာ က “ဒီအကြမ်းဖက် စစ်ကောင်စီနဲ့ ပတ်သက်ပြီးတော့မှ ကျမတို့ ပြည်သူလူထုတွေပေါ့နော်။ အထူးသဖြင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တဲ့ ဟာတွေက ဒါ ကမ္ဘာကို တုန်လှုပ်စေတဲ့ သမိုင်းကြီးကြီးတစ်ခု ပြောလို့ရတယ်ပေါ့နော်။ အခုဆိုလို့ရှိရင် ၃ နှစ်ပြည့်သွားပြီး ဒါ ပေမဲ့ ရှင်သန်ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရော ပေးဆပ်သွားတဲ့ သူတွေရော အကုန်လုံးကတော့ ကျမတို့ အရမ်း ကြီး စိတ်ကျေနပ်အားရတဲ့ အဖြေတစ်ခုလိုမျိုး တရားမျှတမှုတော့ မရရှိနေသေးဘူး။ သို့ပေမဲ့ ဒီဟာတွေကို ရောက်ရှိဖို့ ဆိုလို့ရှိရင်တော့ ကျမတို့ပြည်နယ်ရဲ့ မတူညီ ကွဲပြားတဲ့ အစုအဖွဲ့ အမျိုးမျိုးသော ကြိုးစားမှု တွေ လည်း ရှိကြတယ်။ ဥပမာ IEC ဆိုလို့ရှိရင်လည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ဒါတွေ တရားမျှတမှု ရရှိ အောင် ကြိုးစားနေသလို KSCC လည်း ကြိုးစားနေတယ်။ ကျမတို့ အမျိုးသမီး အစုတွေလည်း ကြိုးစားကြတယ်ဟု ပြောသည်။

မိုဆိုကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူများအား မီးရှို့သတ်ဖြတ်ခဲ့သည့်  ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြစ်ပေး အရေးယူနိုင်သည့်အထိ လုပ်ဆောင် သွားမည်ဟု ကရင်နီပြည် ကြား ကာလ အုပ်ချုပ်ရေး ကောင်စီ IEC အတွင်း ရေးမှူး -၂ ဦးဗညားကလည်း  ပြောသည်။

အပြစ်မဲ့ပြည်သူ ၄၀ ကျော် သတ် ဖြတ်ခံရခြင်းကို ကျနော်တို့အနေနဲ့ ဖြေလျှော့ပေးမှာ မဟုတ်ဘူး ပေါ့နော်။ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး ပေါ့နော်။ ဆိုတဲ့ အဓိပ္ပာယ်တဲ့ တရားဥပဒေ အကြောင်းအရ ကျနော်တို့က မရ ရအောင် ရတဲ့နည်းနဲ့ ကျနော်တို့က ဒီကျူးလွန်သူတွေ အမိန့်ပေးသူတွေကို ကျနော်တို့က အပြစ်ပေး အရေးယူ သွားနိုင်အောင် ကျနော်တို့ ကြိုးစားသွားမယ်ပေါ့နော်။ ဒါကျနော်တို့ ကရင်နီ သမိုင်းဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု ဒုတိယဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ဒါက အလွယ်တကူ မေ့ပျောက်လို့ရတဲ့ ခွင့်လွှတ်လို့ရတဲ့ အရာမဟုတ်ဘူးပေါ့နော်။ အပြစ်ရှိတဲ့သူတွေကိုတော့ သေချာ တာ တစ်ခုကတော့ အပြစ်ကင်း လွှတ်ခွင့်ကိုတော့ ကျနော်တို့ ပေးနိုင်မှာမဟုတ်ဘူး ဆိုတာကို ကျနော်တို့ အနေနဲ့ ရဲရဲပဲ ပြောလိုပါတယ်။

အခြားတဖက်တွင်လည်း IEC အနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးရာ ဝန်ကြီး ဌာန နှင့်လည်း ချိတ်ဆက်ပြီး မိုဆိုဖြစ်ရပ်ကို တရားမျှတမှု ရရှိရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်စေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်စေ IEC နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်လိုသည်ဟု  ဦးဗညားက ပြောသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများအား လူမျိုးတုံးသတ်ဖြတ်ရန်နှင့် နေ့စဉ်အသက်ရှင်နေထိုင်မှု ဘဝခက်ခဲစေရန် လေကြောင်း အသုံးပြု၍ သော်လည်း ကောင်း လက်နက်ကြီး ဖြစ်သော်လည်းကောင်း ပစ်မှတ်ထား တိုက်ခိုက်မှုများကို ယနေ့အထိ နေ့စဉ် နှင့်အမျှ လုပ်နေဆဲဖြစ်သည်ဟု ကရင်နီ တော်လှန်ရေး အင်အားစုများက ဆိုသည်။