တရုတ်ဖောက်မည့် ရထားလမ်းတလျှောက် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် တရုတ်အစိုးရက ဖောက်လုပ်ရန် ပြင်ဆင်နေသည့် မူဆယ် – မန္တလေး ရထားလမ်း ဖြတ်သန်းသွားသည့် မြို့များတွင် နှစ်လအတွင်း အရပ်သား ၂၀၀ ခန့် ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ် – မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ရန် တရုတ်စီမံကိန်းရှိသည့် မြို့နယ် ၉ မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများနှင့် ပတ် သက်၍ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
SHRF ပြောရေး ဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က “ထိခိုက်ဒဏ်ရာရတာ ၇၀ ကျော်သေပြီးမှ ထိခိုက်ဒဏ်ရာရတာ က စုစုပေါင်းပေါ့နော်။ သေဆုံးထိခိုက်တာကို စုပြီး ၂၀၀ ကျော်သွားပြီ ပြောတာပါ။ ၂၀၀ ကျော်ကတော့ ၉ မြို့ နယ်ထဲ ကပါပဲ” ဟု ပြောသည်။
ယခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှု ကြောင့် အရပ်သား ၆၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၃၆ ဦး ရှိခဲ့ကြောင်း ယိင်းလျန်းဟန်က ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးသွားသည် မြို့ နယ်များမှာ သီပေါ၊ မိုင်းရယ်၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ နောင်ချို၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုးကုတ်နှင့် ကျောက်မဲ မြို့နယ် တို့ ဖြစ်သည်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုဝင်ဘာလ ၆ ရက် တရုတ်ခရီးစဉ် အပြီးတွင် သဘောတူထားခဲ့သည့် အဆိုပါ မီးရထား စီမံကိန်းဖြတ်သွားမည့် လမ်းကြောင်းတလျှောက်က မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှု ပိုများလာသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက ပြောသည်။
တရုတ်အစိုးရ၏ မီးရထားစီမံကိန်းမှာ အပိုင်း၂ ပိုင်း ပါရှိပြီး ပထမတပိုင်းက တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ် မြို့မှ မန္တလေးအထိ၊ ဒုတိယတပိုင်းကမူ မန္တလေးမှ ရခိုင်ပြည်၊ ကျောက်ဖြူမြို့အထိ ဖြစ်သည်။
ကီလိုမီတာ ၄၀၀ ကျော်ရှည်ပြီး အမေရိကန်ဒေါ်လာ ၉ ဘီလီယံနီးပါး အကုန်အကျခံပြီး တရုတ်က ဆောက်လုပ် သွားမှာ ဖြစ်သည်။
ယခုစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အရေးပါသည့် အဓိက စီမံကိန်းကြီးဖြစ်ကြောင်း ယိင်းလျန်းဟန်က ပြောသည်။
“သူက တရုတ်ရဲ့ BRI လမ်းမကြီးမှာ အဓိကအနေနဲ့ အဓိက ပင်မ အရေးပါတဲ့ အရင်းအမြစ် ဖြစ်တဲ့ ရထား စီမံ ကိန်း ဖြစ်တစ်ခုဖြစ်တဲ့ အတွက်ကြောင့် တော်တော် အရေးပါးတယ်လို့ ပြောလို့ရပါတယ်။ ၁၀၂၇ မတိုင်ခင် က တချို့ဒီလက်စစ် ပါဝါ စီမံကိန်းတွေ စပြီး အကောင်အထည်ဖော်နေပြီး ဒီနောက်ပိုင်းမှာတော့ ရေအား လျှပ်စစ် စီမံကိန်းတွေကော တိုက်ပွဲတွေ ဖြစ်နေတယ် ဆက်တော့ ဆက်လုပ်နေဆဲပဲ။”
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရန် ရှိနေသည့် မြို့နယ် ၁၀ မြို့နယ်အနက် ၈ မြို့နယ်ကို မြန်မာအမျိုး သား ဒီမိုကရက်တစ် တပ်မတော် MMDAA၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များက သိမ်းပိုက်ထားသည်။
ထိုမြို့နယ်များကို စစ်ကောင်စီတပ်က လေယာဉ်မှ ဗုံးကြဲမှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက် လုပ် နေသည့်အတွက် အများပိုင် အဆောက်အအုံများ ဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီး ကျောင်းများ၊ ဘုရားကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့် ဈေးဆိုင်များ ပျက်စီးသွားသည်ဟု SHRF က ထုတ်ပြန် ထားသည်။