ကုန်စုံဆိုင်တစ်ဆိုင်တွင် ရွှေခုနစ်ကျပ်သား နှင့် ငွေကျပ်သိန်းသုံးရာ ဓားပြတိုက်ခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

မြိတ်မြို့နယ်၊ တညက်ကျေးရွာအုပ်စု အတွင်းရှိ ပလုံးကျေးရွာ လမ်းမပေါ်မှ ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ သည်ဟု ရွာသားများက ပြောသည်။

လက်နက်ကိုင်ဆောင်ထားသူ လူ ၁၀ ဦးက‌ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ည ၁၀ နာရီ‌ခန့်က ဆိုင်ကယ် ၅ စီးဖြင့် တောင်းရှည်တံတားဘက်မှ ပုလုံးကျေးရွာထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “မျက်နှာဖုံး စွပ်ထားတဲ့ သုံးယောက်က အိမ်ထဲဝင်ပြီး ပိုက်ဆံထားတဲ့ နေရာကို သေနတ်ပြ ခြိမ်းခြောက်ပြီး မေး တယ်၊ ကျန်တဲ့သူတွေက အပြင်ဘက်မှာစောင့်နေကြတယ်” ဟု ပြော သည်။

ဓားပြတိုက်ခံရပြီး ရွှေ ၇ ကျပ်သား၊ ငွေကျပ် သိန်း ၃၀၀ ကျော် နှင့် လက်ကိုင်ဖုန်း ၂ လုံးကို ယူဆောင်သွားခဲ့သည် ဟု ရွာခံအမျိုးသားတစ်ဦးက ဆိုသည်။

ရွာခံများက ဓားပြတိုက်သည့်အဖွဲ့မှာ ရွာထဲသို့ ရောက်ရှိလာသည်ကို စစ်မှုထမ်းရန် လူလိုက်ရှာနေသည်ဟု ထင်မှတ်သဖြင့် ကြောက်ရွံ့စိုးရိမ်ကာ ထွက်မကြည့်ကြကြောင်း နှင့် ထွက်ပြေးကြသူများပင် ရှိနေကြောင်း ရွာသားများက ဆိုသည်။

ဓားပြတိုက်ခံရသည့် ကုန်စုံဆိုင်ပိုင်ရှင်ကို မြိတ်မြို့၊ မြို့မရဲစခန်းက ခေါ်ယူ၍ စုံစမ်းမေးမြန်းနေကြောင်း ရွာသားတစ်ဦးက ဆိုသည်။

တညက်ကျေးရွာအုပ်စုတွင် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် အဖွဲ့ဝင်များ ကြီးစိုးနေသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

ဓားပြတိုက်သည့် အဖွဲ့တွင် သေနတ်အရှည်များကို ကိုင်ဆောင်ထားပြီး ပေါ်ပေါ်ထင်ထင် သွားလာနေခြင်းကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်များသာ ဖြစ်နိုင်နေကြောင်း ရွာသားများက ပြောဆိုနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကလည်း တညက်ကျေးရွာအုပ်စုထဲရှိ နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၄၀ ကျော် ပါသွားခဲ့သည်။