ဘိလိယက်ခုံတွင် လူငယ်ခုနစ်ဦးဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

မြိတ်ခရိုင်၊ မြိတ်မြို့၊ ထားဝယ်ကမ်းရပ်ကွက်ရှိ ဘိလိယက်ခုံ တစ်ခုတွင် စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များက လူငယ်ခုနစ်ဦးကို ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်ဟု ရပ်ကွက်သားများက ပြောသည်။

ထားဝယ်ကမ်းရပ်ကွက် တံတားထိပ်မှ ဘိလိယက်ခုံတစ်ခုကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ထားဝယ်ကမ်းရပ်နေထိုင်သူ အမျိုးသားတစ်ဦးက “လူစုနေတာရော အချိန်သိပ် နောက်ကျနေတာရောကြောင့် ဖမ်းတာလို့ပဲ သိရသေးတယ်၊ အဖမ်းခံရသူတွေ အထဲမှာ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော် အရွယ်တွေချည်းပဲ” ဟု ပြောသည်။

လူငါးဦးထက် ပိုစုနေခြင်းကြောင့်နှင့် ညဘက် အချိန်လွန်နေခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု စရဖနှင့် ပျူစောထီးများက ပြောဆိုခဲ့သည်ဟု ရပ်ကွက်သားတစ်ဦးက ဆိုသည်။

ဘိလိယက်ခုံပိုင်ရှင် အပါအဝင် အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် မြိတ်တောင်နယ်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကြသည်။

ဘိလိယက်ခုံ ပိုင်ရှင်ကိုမူ ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ၆ ဦးကိုမူ စရဖနှင့် ပျူစောထီးများ က တစ်ဦးကို ကျပ်သိန်း ၂၀ နှင့် ပြန်လာထုတ်ခိုင်းခဲ့ကြောင်း ရွာသားများက ဆိုသည်။

ငွေကြေးဖြင့် ပြန်မထုတ်နိုင်သူများကို စစ်မှုထမ်းဆောင်ရန် အတွက် ပို့ဆောင်ခြင်းခံရမှာ ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သေး သည်ဟု ဆိုကြသည်။

လက်ရှိတွင် အဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာလည်း တတ်နိုင်ကြသူများ မဟုတ်သဖြင့် အဖမ်းခံရသူ ၆ ဦးစလုံးကို ပြန်ထုတ်နိုင်ရန်အတွက် အခက်အခဲများ ဖြစ်နေပြီး ညှိနှိုင်းနေရဆဲ ဖြစ်သည်ဟု ရပ်ကွက်သားများ က ဆိုသည်။

မြိတ်မြို့တွင် ဒီဇင်ဘာလတတိယပတ် မှ စတင်ပြီး ညဘက်တွင် ပေါ်တာဆွဲဖမ်းဆီးနေသည့် သတင်းများ ထွက်ပေါ်နေပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ကြရန်နှင့် ည ၈ နာရီ မတိုင်ခင် ဆိုင်ပိတ်သိမ်းကြရန် သတိပေးလျက် ရှိနေသည်ဟု မြိတ်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညကလည်း ထားဝယ်ကမ်းရပ်ကွက်တွင် နေအိမ်ရှေ့ ဂီတာတီးနေသူနှင့် ဂိမ်းဆော့နေသူ လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့သေးသည်။