လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုများလာနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။
စစ်ရေးပဋိပက္ခ ကြာရှည်လာပြီး စစ်ဘောင် ကျယ်ပြန့်လာသည်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဉ်များလည်း ပိုများလာသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။
စစ်အာဏာ သိမ်းပြီးနောက် ဖြစ်ပွားလာသည့် စစ်ရေး ပဋိပက္ခများကြောင့် ပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ယခင်ကထက် ပိုများလာသလို တော်လှန်ရေး လုပ်နေသူများ၏ ချိုးဖောက်မှုများကိုလည်း တွေ့မြင်လာရသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ယခင်က ထက် ပိုပြီးကျယ်ပြန့်စွာ ဖြစ်ပေါ် လာသည်ဟု ညီမျှခြင်းမြန်မာ EQMM ၏ အမှုဆောင်ဒါရိုက်တာ ဦးစိန်လှိုင် က ပြောသည်။
“မြန်မာစစ်တပ် အနေနဲ့ကတော့ ၂၀၂၁ နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်ခဲ့ တာ အားလုံး အသိပါပဲ၊ သို့ပေမယ့် ၂၀၂၁ နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ စစ်ဘောင်ကျယ်လာပြီး ပြည်သူ့ ခုခံစစ်သဘောနဲ့ လက်နက်ကိုင် တော်လှန်ရေးတွေ လုပ်လာတဲ့အခါမှာ စကစရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေက အတိုင်းမသိ ပိုမိုကျယ်ပြန့်ပြီး ဆိုးရွားလာတယ်၊ မြေပြင်မှာ စစ်ဘောင်ကျယ်လာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတယ်။”
၂၀၂၄ နိုဝင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းများအနက် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္ဒလေး၊ မကွေး တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု BNI-Myanmar Peace Monitor က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှ ကောက်ယူထားသော သတင်း အချက် အလက်များ အရလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်ကောင်စီ ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၂၈) ဦး စုစုပေါင်း (၃၇) ဦး သေဆုံးခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ စစ်ကောင်စီ၏ လူ့ အခွင့်အရေး ချိုးဖောက်မှုများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၆,၀၄၆) ဦး ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၈၆၂) ဦး ရှိသည်ဟု AAPP က ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်း ကာလအတွင်း လူအသေအပျောက် အများဆုံး ဖြစ်ရပ်တစ်ခုမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်၊ ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်သည်။ ထိုဖြစ်ရပ်သည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စစ်တပ်က လေကြောင်းမှ ဖျက်အားပြင်းဗုံးများ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုး သမီးများ အပါအဝင် လူအယောက် ၁၇ဝ နီးပါး သေဆုံးခဲ့ရသည်။ အလားတူ ကရင်နီရှိ မိုဆိုကျေးရွာတွင် အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှု၊ ကချင်ပြည်၊ အနမ့်ပါက လေကြောင်း တိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ ထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်။
စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည့် အခြားတစ်ဖက်တွင် တော်လှန်ရေး တပ်ဖွဲ့ များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း တွေ့လာရသည်ဟု ဦးစိန်လှိုင်က ပြောသည်။
“ကာကွယ်ရေးတပ်ဖွဲ့တွေ အရပ်သား ကာကွယ်ရေး တပ်ဖွဲ့တွေ တော်လှန်ရေး တပ်ဖွဲ့တွေမှာလည်း ချိုးဖောက်မှု တွေ ရှိနေတယ်လို့ ပြောလို့ရတယ်။ သို့ပေမယ့် ရာခိုင်နှုန်းအားဖြင့် ကောက်ယူရရှိတဲ့ ရာခိုင်နှုန်း အနည်းငယ် ကသာလျှင် ဒီတော်လှန်ရေး တပ်ဖွဲ့တွေကနေ ကျူးလွန်တာ ဖြစ်ပြီးတော့ အဲဒီကျူးလွန်မှုတွေကလည်း တစ်ဦး တစ်ယောက် လူတစ်ဦးချင်းဆီ ကျူးလွန်တာ ဖြစ်တယ်ပေါ့နော်”
သို့သော် အဆိုပါ ကျူးလွန်မှုများသည် စစ်ကောင်စီကဲ့သို့ အစီအစဉ်တကျ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုမျိုးကို မတွေ့ရကြောင်း ဦးစိန်လှိုင်က ဆက်ပြောသည်။
“စစ်ကောင်စီက ကျူးလွန်သလို စစ်ပွဲရဲ့ လက်နက်အနေနဲ့ အသုံးချတာမျိုး သေသေချာချာ စီစဉ်ပြီးမှ ကျူးလွန် တာမျိုး မဟုတ်နေတာမျိုးကတော့ အသေအချာပါပဲ။”
အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ)တို့နှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ကာ စည်းကမ်းဖောက်ဖျက်သော လူပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ ရှိနေသည်ဟု (ဒီဇင်ဘာ ၁၀ရက်) က ထုတ်လွှင့်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း Press Briefing အစီအစဉ်၌ ဦးနေဘုန်းလတ်က ပြောဆိုထားသည်။
ထို့အပြင် ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီက ဖွဲ့စည်းထားသည့် တိုင်ကြားစာ ကော်မတီထံသို့ တိုင်ကြားမှုပေါင်း ၈၀ နီးပါးကိုလည်း စစ်ဆေးအရေးယူ ခဲ့သည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။
NUG အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တိုင်ကြားနိုင်သည့် ယန္တရားများနှင့် တရားရုံးများထား ရှိပြီ ဖြစ်သော်လည်း လုံလောက်မှု မရှိခြင်း၊ ထိရောက်စွာ ကာကွယ်နိုင်ခြင်း မရှိသေးဘူးဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများမှ ထောက်ပြပြောဆိုထားကြသည်။
တော်လှန်ရေး ထိန်းချုပ်နယ်မြေ ဖြစ်သော စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာ ဦးဝင်းဌေး၊ ဇနီးသည် နှင့် ၃ လ အရွယ်ကလေး အပါအဝင် မိသားစုဝင် ၃ ယောက်တို့သည် တပုန်းကျေးရွာ နေအိမ်၌ နိုဝင်ဘာလ (၄) ရက်နေ့ ညက လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ အမှုမှန် မပေါ်ပေါက် သေးပေ။
လက်နက်ကိုင် ပဋိပက္ခများ ကြာရှည်လာပြီး စစ်ဘောင် ကျယ်ပြန့်လာသည်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်မှု များလည်း ပိုများလာသောကြောင့် စစ်ကောင်စီကို တော်လှန်နေသူများ အနေဖြင့် အာဏာရှင် ပုံစံမျိုး မကျင့်သုံး မိအောင် သတိထားရမည်ဟု ဦးစိန်လှိုင်က ပြောသည်။
“နိုင်ငံတကာက နွေဦးတော်လှန်ရေးကို အားမပေးဘူး လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ ရှိနေတဲ့အပေါ်မှာ တစ်ဖက်သတ် တော်လှန်ရေး လုပ်နေတဲ့ သူတွေအပေါ် ပုံဖျက်ဝါဒဖြန့်တဲ့ဟာတွေ ဆက်လုပ်နေမယ် ဒါတွေက ဆက်ရှိနေမယ်ဆိုရင် ဒီဟာတွေက သတိကြီးကြီးထားဖို့လိုတဲ့ အချိန်တွေ ဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ နွေဦးတော်လှန်ရေး လုပ်နေတဲ့ တော်လှန်သူ အပေါင်းကလည်း အာဏာရှင်စနစ်ကို တော်လှန်နေတာဖြစ်တဲ့ အတွက် ကိုယ်တိုင်လည်း အာဏာရှင်စနစ်ပုံစံမျိုး ကျင့်သုံးတာ မဖြစ်ရအောင် ဂရုစိုက်ပြီးသွားဖို့ လိုတယ်လို့ ပြောလိုပါတယ်။”
ထိုသို့ ဖြစ်ပွားခြင်း မရှိစေရန်လည်း ပြည်သူများ အနေဖြင့် တော်လှန်ရေး လုပ်ဆောင်သူများအား ရဲရဲဝံ့ဝံ့ ထောက်ပြ ပြောဆိုရန် လိုအပ်သည်ဟု ဒီဇင်ဘာလ ၉ ရက်နေ့က ထိုင်းနိုင်ငံတစ်နေရာတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့တွင် Anti-Junta Forces Coordination Committee-Mandalay (AFCC) အဖွဲ့ တာဝန်ရှိသူ မေက ပြောသည်။
“မူလတုန်းက ဘာကြောင့် တော်လှန်ခဲ့တာလဲ ဆိုတဲ့ စိတ်ကိုသာ အမြဲတမ်းသတိရမယ်။ ဝိုင်းဝန်းပြီး တိုက်တွန်း ပေးကြမယ် တော်လှန်ရေးဘက်က ဖြစ်နေတယ် တော်လှန်ရေးသမားလိုလို ဖြစ်နေတဲ့ သူတွေက လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဖြစ်လာပြီဆိုရင် ရဲရဲဝံ့ဝံ့နဲ့ ထောက်ပြရမယ့် အချိန်အခါ ဖြစ်တယ်။ ဒါသည် တော်လှန်ရေးကို ထိခိုက်စေတယ်။ တော်လှန်ရေးကို မှားယွင်းစေတယ်ဆိုတဲ့ အမြင်တော့ ကျမတို့မှာ မရှိဘူး။ ပြောမှဖြစ်မယ် မပြောရင်တော့ ကျမတို့ လိုချင်တဲ့ လူ့အခွင့်အရေးက ဘယ်မှာလဲပေါ့။”
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ အနေဖြင့်လည်း လက်ရှိပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ အကြားတွင် စောင့်ကြည့် မှတ်တမ်းတင်မှုများ ပြုလုပ်ရန် အခက်ခဲများရှိနေသည်ဟု ဆိုသည်။
မြေပြင်ရှိ စေနာ့ဝန်ထမ်းများကို ဒေသတွင်းရှိ အာဏာပိုင်များက ခွင့်ပြုချက် မပေးခြင်း၊ လာရောက် ကောက်ယူ ခွင့် မပေးခြင်း၊ စာရင်းကောက်ယူသူများ၏ လုံခြုံရေးအတွက် အာမခံမှု မပေးနိုင်ခြင်း၊ စောင့်ကြည့် ခံရခြင်း၊ လေကြောင်း ဗုံးကြဲမှုများ ခံရနိုင်ခြင်း၊ စစ်ကြောင်းနှင့် တိုးနိုင်ခြင်း စသည့် စိန်ခေါ်မှုများ ရှိနေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းများက ပြောသည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများသည် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများ အတွင်းမှ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ ခိုင်မာ သော မှတ်တမ်း သက်သေနှင့် သတင်းများ ကောက်ယူကာ သေချာပြန်လည် စိစစ်ပြီး တရားမျှတမှု ပြန်လည် ရရှိရေးအတွက် လုပ်ကိုင် ဆောင်ရွက်နေသော အဖွဲ့အစည်းများ ဖြစ်သည့် Independent Investigative Mechanism for Myanmar (IIMM) ကဲ့သို့သော အဖွဲ့အစည်းများအား စဉ်ဆက်မပြတ် ပေးပို့နေသည်ဟု ဆို သည်။