တနင်္သာရီတွင် ဖုန်းများအတွင်း VPN ပါမပါ စစ်ဆေးပြီး ငွေတောင်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွား ပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN ဆော့ဝဲလ် အသုံးပြုမှု ရှိမရှိ စစ်ဆေးမှုများ ပြန်လည် လုပ်လာနေသည်ဟု ပြောသည်။
စစ်ကောင်စီက VPN အသုံးပြုမှုကို တင်းကျပ်သည့် ဥပဒေ ထုတ်ပြန်လိုက်ပြီးသည့်နောက် ပုလောနှင့် တနင်္သာရီ ဘက်များရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် VPN ဆော့ဝဲလ်များကို ပြန်လည်စစ်ဆေးလာခြင်း ဖြစ်သည် ဟု ခရီးသွား ပြည်သူများက ပြောသည်။
တနင်္သာရီတံတား စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံပေးခဲ့ရသည့် အသက် ၄၀ ခန့်အရွယ် ကားသမားတစ်ဦးက “သူတို့နဲ့ ရင်းနှီးနေပေမယ့် အဲဒီနေ့က ဖုန်းတောင်းပြီး စစ်တာပါပဲ။ VPN ဆော့ဝဲလ်တွေ့တာနဲ့ ပိုက်ဆံတောင်း တော့တာပဲ” ဟု ပြောသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး တနင်္သာရီမြို့နယ်ထဲရှိ တနင်္သာရီ တံတားနှင့် ဗိုလ်ချုပ်ကြေးရုပ် စစ်ဆေးရေး ဂိတ်၊ ပုလောမြို့နယ်ထဲမှ မကျည်းကုန်းကျေးရွာ စစ်ဆေးရေးဂိတ်များတွင် VPN ဆော့ဝဲလ်ကို ပြန်စစ်ဆေးလာ သည်ဟု ခရီးသည်တင်ယာဥ်မောင်းများက ဆိုသည်။
ဖုန်းများအတွင်း၌ VPN ဆော့ဝဲလ်ရှိနေသည်ကို တွေ့ခဲ့ပါက ငွေကျပ်တစ်သောင်းမှ သုံးသောင်းကျပ် အထိ တောင်းယူနေသည်ဟု ဆိုကြသည်။
နောက်တစ်ကြိမ်စစ်ဆေးသည့် အခါ VPN ဆော့ဝဲလ် ထပ်မံတွေ့ရှိပါက နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ အတိုင်းအရေးယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီဂိတ်များ တာဝန်ကျ တပ်ဖွဲ့ဝင်များက ပြောဆိုလိုက်သေး သည်ဟု ခရီးသွား ပြည်သူများက ဆိုသည်။
ဖုန်းများအတွင်း၌ VPN ဆော့ဝဲလ်တွေ့ရှိပါက ဖမ်းဆီးငွေညှစ်ခြင်းများကို အာဏာသိမ်းကာလ အစောပိုင်း၌ တွင်
ကျယ်စွာ လုပ်ခဲ့ကြပြီး နောက်ပိုင်းတွင် စစ်ဆေးခြင်းများ မရှိသလောက် နည်းပါးခဲ့ပြီးနောက် ယခုနှစ်အစပိုင်းမှ စတင်၍ ပြန်လည် စစ်ဆေးမှု တင်းကျပ်လာခြင်းဖြစ်သည်။
ခွင့်ပြုချက်မရှိပဲ VPN ထူထောင်ခြင်း၊ သို့မှမဟုတ် ဝန်ဆောင်မှုပေးခြင်းနှင့် အွန်လိုင်း လောင်းကစားစနစ် တည် ဆောက်ခြင်းများ အတွက် ပြစ်ဒဏ်ချမှတ်နိုင်မည့် ဆိုက်ဘာ လုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၁ ရက် နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းများကို ကာကွယ်နိုင်ရန်နှင့် ဆိုက်ဘာ မှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် ယခုကဲ့သို့ ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
တရားမဝင် VPN ဝန်ဆောင်မှုအတွက် ဒဏ်ငွေအနည်းဆုံး ကျပ်ဆယ်သိန်းမှ ကျပ်သိန်းတစ်ရာ အထိ ချမှတ်ခံရ မည်ဖြစ်ပြီး၊ ထောင်ဒဏ်အများဆုံး ခြောက်လအထိ ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။