ကရင်နီတော်လှန်ရေး အဖွဲ့များ ဘဏ်ဖွင့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

ကရင်နီတော်လှန်ရေး အဖွဲ့များက ၂၀၂၅ ခုနှစ်ထဲတွင် ဘဏ်တစ်ခုကို  ဖွင့်လှစ်နိုင်အောင် ပြင်ဆင်လုပ် ဆောင်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောသည်။

ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် အဆင်ပြေစေရန် ကရင်နီပြည်နယ်တွင် ဘဏ်လုပ်ငန်း စတင်လုပ်ဆောင်မည့် အခြေအနေနှင့် ပတ်သက်၍ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ အနေနဲ့ ဒီ ၂၀၂၅ ထဲမှာပေါ့နော်။ အထူးသဖြင့်ပေါ့နော်။ ကရင်နီပြည်ရဲ့ ဘဏ်လုပ်ငန်း တစ်ခုကို လည်း ကျနော်တို့ ဒါအစပြုနိုင်ပြီးမှပေါ့နော် ဒီပြည်သူတွေရဲ့ ငွေပေးငွေလွှဲတဲ့ ကိစ္စတွေရော ချေးငွေကိစ္စတွေ ရော ပေါ့နော်။ လုပ်ငန်းငယ်လေးကို ပြန်လည် တည်ထောင်နိုင်ဖို့ အတွက် အသေးစား ချေးငွေ လုပ်ငန်းတွေ ရောပေါ့နော်။ ကျနော်တို့ ဘက်ကဒါ တိုးမြှင့်ပြီးတော့မှ လုပ်ဆောင်သွားဖို့ ပြင်ဆင် နေပါတယ်” ဟု ပြောသည်။ 

အဆိုပါ ဘဏ်သည် ကရင်နီ တော်လှန်ရေး အင်အားစုများက တော်လှန်ရေးကာလအတွင်း ဖွင့်လှစ်မည့် ပထမဆုံးဘဏ် ဖြစ်လာမည် ဖြစ်သည်။

ထို့အပြင် ကရင်နီပြည်ရှိ လုပ်ငန်းရှင်နှင့် အခြားသော လုပ်ငန်းရှင်များ ချိတ်ဆက်ပြီး လူမှုစီးပွားရေး တိုးတက် အောင်မြင်စေရန် လုပ်ဆောင်သွားကြမည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဋ္ဌ ခွန်းဘီထူးက ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းထဲတွင် ထည်သွင်းပြောကြားခဲ့သည်။

ကရင်နီပြည်၏ လူမှုစီးပွားရေး တိုးတက်အောင်မြင်ရေးသည် အစိုးရ၏ တာဝန်ဝတ္တရားများ ဖြစ်ပြီး  ပြည်သူ လူထုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု KNDF ဥက္ကဋ္ဌ က ဆိုသည်။

၂၀၂၅ ခုနှစ်အတွင်း ပိုမို ကောင်းမွန် ကျစ်လစ်သည့် ယန္တရားများဖြင့် ဌာနအသီးသီးက လုပ်ဆောင်သွားကြရန် ပြင်ဆင်ထားသည် ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

၎င်းက “ကျနော်တို့ရဲ့ နေ့စဉ် ဘတ်ဂျက်တွေ ကျနော်တို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးတွေ ကျနော်တို့ရဲ့ ဌာနအသီး သီးက ပေါ့နော်။ ဒီလုပ်ပေးရမယ့် ပညာရေး ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပေါ့နော်။ ကျနော်တို့ ပြည် သူတွေ ထည့်ဝင်တဲ့ အကူငွေတွေ ကျနော်တို့ကောက်ခံရတဲ့ အခွန်ငွေတွေကနေပြီးတော့မှ ကျနော်တို့ ပွင့်လင်း မြင်သာမှုရှိစွာနဲ့ အကျိုးရှိစွာနဲ့ ကျနော်တို့ သုံးသွားမှာ ဖြစ်ပါတယ်ပေါ့နော်။ ဒီနှစ်ကျနော်တို့ ကရင်နီပြည်မှာ ရောက်နေတဲ့ ပြည်သူတွေ အားလုံးကပေါ့နော် ဒါ ဆန်စပါး မပြတ်လတ်လေအောင်ပေါ့နော်။ ကျနော်တို့ ကြိုး စားပြီးတော့မှ ဆောင်ရွက်တာတွေရှိပါတယ်။ အဲ့ဒီအတွက်လည်း တောင်သူတွေတစ်ချို့ နစ်နာတာတွေ ကျနော်တို့ ကြားရတယ်။ ဒါပေမဲ့ အခု ၂၀၂၅ ထဲမှာပေါ့နော် တောင်သူတွေဘက်က မနစ်နာရလေအောင် နောက် စိုက်ပျိုးမှုတွေ ပိုလုံခြုံပြီး‌တော့မှ ပိုကောင်းမွန်အောင် ပြီးတော့မှ ရေကြီးတဲ့ ဘေးအန္တရာယ် မကြုံရလေအောင် ကျနော်တို့ အကောင်းဆုံး ကြိုးစားပြီးမှ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်ဟု ပြောသည်။

ထို့အတူ အမျိုးသားညီညွှတ်ရေး အစိုးရ NUG နှင့် ချိတ်ဆက်ပြီး ပိုမို အားကောင်းသည့် အစိုးရဖြစ်ရန်နှင့် ပိုမို ကောင်းမွန်ကျယ်ပြန့်သည့် အုပ်ချုပ်ရေးအား အတူတကွ ဆက်လက်လုပ်ဆောင်သွားရန် ပြင်ဆင်နေသည် ဟု ခွန်းဘီထူးက ဆိုသည်။

၂၀၂၅ ခုနှစ်တွင် စစ်ရေး အောင်မြင်မှု၊ အုပ်ချုပ်ရေး အောင်မြင်မှု ရရှိရန်အပြင် အာဏာရှင်၏ ရက်စက် ယုတ်မာ မှုများနှင့် မတရား အာဏာသိမ်းယူမှုကို ချေဖျက်ပြီး အောင်မြင်သည့် နှစ်တစ်နှစ် ဖြစ်လာရန် ယုံကြည်သည်ဟု KNDF ပြောသည်။ ထိုသို့ ဖြစ်လာစေရန်အတွက် KNDF အနေဖြင့် ကရင်နီပြည်နယ် အတွင်းရှိ တော်လှန်ရေး အင်အား စုများအားလုံးနှင့် စုပေါင်းအဖြေရှာပြီး လုပ်ဆောင်သွားမည်ဟု ခွန်းဘီထူးက ဆိုသည်။