စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ICC တွင် တရားစွဲရန် NUG ပြင်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၌ တရားစွဲဆိုနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆောင်ရွက်မည်ဟု  ပြော ဆိုလိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ICC ကနေ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး တောင်းဆိုသွားမည်ဟု ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇန်နဝါရီလ ၃ ရက်နေ့တွင် အွန်လိုင်းမှ ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးအောင်မျိုးမင်းက “အခုလောလောဆယ် ဝရမ်းထုတ်ဖို့အတွက် ကြိုးစားနေတာကတော့ ရိုဟင်ဂျာများ အပေါ်မှာ ဘင်္ဂလား ဒေ့ရှ်ကို မောင်းထုတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်၊ ဒါတင်မကသေးဘဲနဲ့ လက် ရှိ အကြမ်းဖက် စစ်တပ်ကျူးလွန်နေတဲ့ အချက်တွေက တစ်တိုင်းပြည်လုံးက ပြည်သူတွေကို ပစ်မှတ်ထားပြီး War Crime ကျူးလွန်တာဖြစ်တဲ့ အတွက် ICC ရဲ့ တရားစီရင်မှု အပိုင်းကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ် ဆောင်ဖို့အတွက် နောက်ထပ် ကျူးလွန်နေတဲ့ အခုထိကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒါတွေကို ရာဇဝတ်မှုအနေနဲ့ သတ်မှတ်ပြီးတော့မှ စုံစမ်းစစ်ဆေး အရေးယူမှု ဖြစ်လာဖို့အတွက် ဆက်လက်တောင်းဆို လျှက် ရှိပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၄,၃၇၂ ခုရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင်မူ ၇,၃၉၄ ခုအထိ နှစ်ဆ နီးပါးရှိလာသည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါ ချိုးဖောက်မှုများထဲ အရပ်သားများအပေါ် စစ်ကောင်စီတပ်၏ တရားလက်လွတ် သတ်ဖြတ်မှုက အများဆုံး ပါဝင်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၏ ရောမ သဘောတူညီချက် စာချုပ်တွင် လက်မှတ် မရေးထိုးထားရသေးသော်လည် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများနှင့် ပူးပေါင်းပြီး စစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေး လုပ်သွားမည်ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

“ဒီဝရမ်းထုတ်လာရင် Roam statute ကိုလက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေက ဝရမ်းထုတ်ထားတဲ့ သူတွေ သူ့နိုင်ငံကို ရောက်လာရင် ဖမ်းပြီးတော့ပို့တာ ICC တရားရုံးကို လွဲပြီးတော့ ပို့တာ လုပ်ရတဲ့ တာဝန်ရှိပါတယ်။ ဒါတွေကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ရယ် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတွေ အားလုံးကနေ လက်တွဲ လုပ်ဆောင်ဖို့အတွက် သီးသန့်တိုက်တွန်းချက်တွေ အဖွဲ့ဝင်နိုင်ငံတွေကို ဦးစားပေးပြီး တော့ တိုက်တွန်းချက်တွေ လုပ်ဆောင်လျှက်ရှိပါတယ်။ ဒါမှသာဝရမ်းက ဝရမ်းဆိုပြီးတော့မဟုတ်ဘဲနဲ့ ဝရမ်းနဲ့အတူ တစ်ကယ်တမ်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မယ့် အဆင့်ဖြစ်ပါလိမ့်မယ်။”

ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ၏ ရှေ့နေချုပ်က ICC တရားရုံးကို နိုဝင်ဘာလ ၂၇ ရက်တွင် လျှောက်ထားခဲ့သည်။

ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction အနေဖြင့်လည်း ရိုဟင်ဂျာအမှုအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် အမှုဖွင့် စစ်ဆေးမှုများ လုပ်နေ ပြီး မကြာခင် အရေးယူဆောင်ရွက်မှုများ တစ်စုံတစ်ရာ ထွက်ပေါ်လာမည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

NUG သည် တရားစွဲဆိုနိုင်သော အဖွဲ့အစည်း မဟုတ်သော်လည်း တရားစွဲဆိုနိုင်သည့် အဖွဲ့အစည်းများက လိုအပ်သည့် အချက်လက်များ၊ သက်သေအထောက်ထားများကို ပံ့ပိုးကူညီပြီး တရားမျှတမှုအတွက် နည်းလမ်း ပေါင်းစုံကို အသုံးပြုနေပြီး စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။