မြိတ်နှင့် ထားဝယ်ထောင်မှ နိုင်ကျဉ်း ၈ ဦးသာ လွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

မြိတ်အကျဉ်းထောင်နှင့် ထားဝယ်အကျဉ်းထောင်မှ နိုင်ကျဉ်း ၈ ဦး လွတ်မြောက်လာခဲ့သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီက ၇၇ နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် ဇန္နဝါရီလ ၄ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ သည်ဟု မြိတ်အကျဥ်းထောင်မှအရာရှိတစ်ဦးက ပြောသည်။

မြိတ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း ၃၂ ဦး  ပြန်လည်လွတ်မြောက်လာရာတွင် နိုင်ငံရေးအကျဥ်းသား ၃ ဦးနှင့် အကျဥ်းသူ ၃ ဦးသာ ပါရှိခဲ့သည်။

မြိတ်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဥ်းသားများ အထဲတွင် တနင်္သာရီမြို့နယ် မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ မဝါဝါမြင့်၊ ပုလောမြို့နယ်မှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံ ထားရသူ မသီသီချို နှင့် ထောင်ဒဏ် ၃ နှစ်ကျခံထားရသည့် ဒေါ်အေးအေးဝင်းတို့ ဖြစ်ပြီး အမျိုးသား ၃ ဦးကိုမူ စိစစ်နေဆဲဖြစ်ကြောင်း အကျဥ်းထောင်အရာရှိတစ်ဦးက ဆိုသည်။

အလားတူ ထားဝယ်အကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဥ်းသားနှစ်ဦး အပါအဝင် အကျဥ်းသား ၁၃ ဦးလွတ်မြောက်လာသည်ဟု အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွတ်မြောက်လာသည့် နိုင်ငံရေး အကျဥ်းသားများမှာ လောင်းလုံးမြို့နယ် အတွင်းမှ နိုင်ငံရေးအကျဥ်းသူ မဝင်းဝင်းအိနှင့် ထားဝယ်မြို့မှ နိုင်ငံရေး အကျဥ်းသား ကိုဖြိုးထိုက်ဇော်တို့ ဖြစ်သည်။

ပြန်လွတ်မြောက်လာသည့်  နိုင်ငံရေးအကျဥ်းသူမှာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀-ည ဖြင့် ထောင်ဒဏ် ဆယ်နှစ် ကျထားသူဖြစ်ပြီး နိုင်ငံ ရေးအကျဥ်းသားက ပုဒ် ၅၀၅-က နှင့် ထောင်ဒဏ် သုံးနှစ် ကျခံထားရသူဖြစ်သည်။

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသား ၄၀၀ ကျော် အပါအဝင် အကျဥ်းသား စုစုပေါင်း တစ်ထောင်ကျော် ရှိသည်။

ထားဝယ်အကျဉ်း ထောင်တွင် အကျဉ်းကျနေသည့် နိုင်ကျဉ်းတစ်ဦး၏ မိခင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် ကြားလို့ မနက်အစောကြီး ကတည်းက အားရဝမ်းသာ သွားစောင့်နေတာ၊ အိမ်က သားလည်း မပါလာဘူး၊ ကိုယ့်လိုပဲ နိုင်ငံရေးအကျဥ်းသား မိသားစုတွေနဲ့ တခြားအကျဥ်းသား မိသားစုတွေ အတော်များများ စောင့်နေ ကြတာဟု ပြောသည်။

ယခု လွှတ်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများကို နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ခဲ့ပါက အဆိုပါ ကျူး လွန်ခဲ့သည့် ပြစ်မှုအပြင် လက်ရှိကျခံရန် ကျန်နေသည့် ပြစ်မှုကိုပါ ဆက်လက်ကျခံပါ့မည် ဆိုသည့် ခံဝန်ချက်နှင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မြိတ်အကျဥ်းထောင်ရှေ့မှ အသက် ၅၅ နှစ်အရွယ် နိုင်ငံရေး အကျဥ်းသားတစ်ဦး၏ ဖခင်ဖြစ်သူက လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်လို့ ကြားရတာကြောင့် မနက်အစောကြီးကတည်းက ထောင်ဗူးဝမှာ သွားစောင့်တာ၊ ကျနော့်သားတော့ လွတ်တဲ့ထဲ မပါလာဘူး။ တခြား နိုင်ငံရေးအကျဥ်းသားတွေ လွတ်တာမြင်ရတော့ ဝမ်းလည်း သာတယ် ဝမ်းလည်းနည်းမိတယ် ဟု ပြောသည်။

မြိတ်အကျဥ်းထောင်တွင်  လွတ်ငြိမ်းခွင့်တွင် မပါဝင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ များစွာ ကျန်နေ ဆဲဖြစ်သည်ဟု နိုင်ငံရေး အကျဥ်းသားမိသားစုဝင်များ က ဆိုသည်။

နိုင်ငံပိုင် အသံလွှင့်ဌာနများကလည်း ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပြည်သူများ စိတ် အေးချမ်းရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသော အားဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား အကျဥ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ကြေညာထားသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅ ပုဒ်မနှင့် တရားစွဲဆို ထောင်ချခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၆၀၀ ခန့်ကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ပြန်ကြားရေးမီဒီယာမှ တဆင့်ပြောဆိုခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးခန့် ပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း အကျဉ်းထောင် ၁၀ ခုမှ လက်ရှိ စုစည်းထားသော စာရင်းများအရ နိုင်ငံရေး အကျဉ်း သား ၁၅၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက် လာသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM ၏ စာရင်းများအရ သိရသည်။

ဓါတ်ပုံ – (ပုံဟောင်း – မြိတ်အကျဉ်းထောင်မှ အကျဉ်းသူ/သားများ ပြန်လွတ်လာပုံ)