တရုတ်သွားမည့် ရွှေ့ပြောင်း အလုပ်သမားများ မူဆယ်တွင် ပိတ်မိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
တရုတ်နိုင်ငံဘက်ခြမ်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံအနှံ့မှ ပြည်သူများ ရှမ်းမြောက်၊ မူဆယ်မြို့ တွင် ပိတ်မိနေကြသည်ဟု ဒေသခံများက ပြောသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်တောင်ပိုင်း စသည့် ဒေသများမှ ပြည်သူများသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန်သွားရာ နယ်စပ်ဖြတ်ကျော်ရေး ဂိတ်များ တင်းကျပ်မှုအပြင် ပွဲစားများ၏ လိမ်လည်မှုများကြောင့် မူဆယ်မြို့ တွင် ပိတ်မိနေကြခြင်း ဖြစ်သည်။
မူဆယ် ဒေသခံတစ်ဦးက “အောက်ပိုင်းက လူတွေ အလုပ်လာရှာတာပေါ့လေ။ ဒီမူဆယ်မှာ ရောက်တော့ ချက် ချင်း ဝင်မရတော့ အဲမှာ နေရာလည်း မရှိ၊ စားစရာလည်း မရှိ၊ အဲမှာ ဒုက္ခရောက်တာပေါ့လေ။ အဲမျိုးတွေတော့ ရှိတယ်။ အဲ့ဂိတ်မှာ လူတွေ အများကြီးပဲ။ တစ်ချို့ရက်တွေဆို ထောင်ချီတောင် ရှိတယ်ပေါ့လေ” ဟု ပြော သည်။
မူဆယ်မြို့ရှိ ကောင်းမှုတုံရပ်ကွက်ထဲက (ဒေသအခေါ်) စည်ပင်ကုန်းဆိုသည့် နေရာနှင့် သိန်းသန်းချီ ကားကြီး ကွင်းနေရာအပြင် အချို့ရပ်ကွက်များရှိ ဂိုဒေါင်များတွင် အလုပ်သမားများ သောင်တင်နေကြသည်။
စည်ပင်ကုန်းဆိုသည့် နေရာရှိ အလုံပိတ်ဂိုဒေါင်တွင် လူအယောက် ၄၀၀ ခန့် ပိတ်မိနေပြီး သိန်းသန်းချီ ကားကြီး ကွင်းနေရာတွင်မူ လူအယောက် ၅၀၀ ခန့် ပိတ်မိနေသည်ဟု မူဆယ်မြို့ခံ အချို့က ပြောသည်။
မူဆယ်ရောက် ရခိုင်အမျိုးသမီးငယ် တစ်ဦးကလည်း “သူငယ်ချင်းတချို့ ခိုးလမ်းကနေ ဝင်သွားတာရှိတယ်။ ဟိုရောက်တော့ ဖမ်းခံရပြီး အဆက်အသွယ် မရဖြစ်တယ်။ ကျမတော့ မသွားရဲဘူး။ ဒီလိုပဲ စောင့်နေတယ် မူဆယ်ရောက်တာ ၄ လကျော်သွားပြီ။ ကိုယ့်မှာက ပိုက်ဆံလည်း မလောက် အဲ့လိုဖြစ်နေတာ။ ဂိတ်တွေက တော့ ဖွင့်ထားတယ် အရမ်း အစစ်အဆေးများလို့လေ၊ တချို့ကလည်း ရခိုင်ဆိုရင် ဂိတ်မှာ ပေးမဝင်ဘူး၊ အရမ်း စစ်တယ် ပြောတာလည်းရှိတယ်။ တချို့အသိဆိုရင် ပွဲစားတွေက အပြင်ပေးမထွက်ဘူး အဲ့လိုမျိုးလည်းရှိတယ်။ ကျမက ကိုယ့်ဟာကိုယ် ရောက်လာတာဆိုတော့ ပြဿနာတော့ မရှိဘူး” ဟု ပြောသည်။
တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ပွဲစားများ၏ လိမ်လည်မှုကြောင့် တရုတ်နိုင်ငံထဲ မဝင်ရဘဲ ခြောက်လကြာ အထိ ပိတ်မိခဲ့ဖူးကြောင်း မန္တလေးမြို့က အမျိုးသားတစ်ဦးက ပြောသည်။
“ပွဲစားတွေကြောင့်လည်း ပါတယ်။ တရုတ်က အဝင် တင်းကျပ်နေလို့လည်း ပါတယ်။ ကျနော်တို့လည်း တရုတ် မှာ အလုပ် လုပ်ဖို့ တက်လာတာပါ၊ ပွဲစား မတူတာပေါ့နော်။ တချို့ ငါးလ၊ ခြောက်လ ကြာနေပါပြီ။ စားစရိတ် ချပေးတော့ မပြန်ပဲစောင့်ကြပါတယ်။ ကျနော်တို့ ပွဲစားကကျ လူတွေ ၁၀၀ ကျော်ခေါ်ထားပြီး စရောက်တုန်း က ဆန်တစ်အိတ်၊ ဆီဗူးကြီး တစ်ဗူး၊ ကြက်ဥ ခုနှစ်ကတ် နောက်ထပ် ဆန်ခြောက်ပြည်၊ ကြက်ဥ ငါးကတ်၊ ဆီ ၅၀ သား၊ လူ ရှစ်ယောက် တစ်လတောင် စားခိုင်းတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန် သွားသည့် မြန်မာနိုင်ငံသား အယောက် ငါးရာကျော် မူဆယ်မြို့တွင် ပိတ်လှောင် ခံထားရပြီး အခက်အခဲများနှင့် ကြုံနေရကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
TNLA ၏ ထုတ်ပြန်ချက်အရ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးများ အများဆုံး ပါဝင်ပြီး မူဆယ်မြို့က သိန်းသန်းချီကားကြီးကွင်းဂိုဒေါင်တွင် ပိတ်လှောင်ခံထားရသူများအပြင် ရပ်ကွက်အချို့က ဂိုဒေါင်များ၌လည်း ပိတ်လှောင်ခံထားရသူ အများအပြားရှိနေသည်ဟု သိရသည်။
မူဆယ်မြို့တွင် သောင်တင်နေသည့် အမျိုးသားတစ်ဦးက “ကိုယ်ဘာသာကိုယ် ရှာကြံ စားနေကြရပါတယ်။ ကျ နော်ကတော့ နေ့စား အလုပ်လေးရှိရင် လိုက်လုပ် လိုက်။ မရှိရင် မလုပ်လိုက်။ အဆောင်မှာ သိပ်မနေ ဖြစ်ပါ ဘူး။ တော်တော်များက အိမ်ကတောင်း ဘေးကချေးနေပြီး နေ နေကြရတာပါပဲ။ ကျနော်ကတော့ အိမ်က အဆင်မပြေတော့ ရှာကြံစားရပါတယ်” ဟု ပြောသည်။
ပွဲစား (အကျိုးဆောင်) များနှင့် ဆက်သွယ်၍ မူဆယ်မြို့သို့ ရောက်လာကြသူများမှာ WeChat, Tiktok, Facebook စသည့် လူမှုကွန်ရက် စာမျက်နှာများတွင် တင်ထားသည့် အလုပ်ခေါ်စာများကြောင့် ဖြစ်သည်ဟု ဆိုကြ သည်။
အဆိုပါ အလုပ်ခေါ်စာများတွင် တရုတ်နိုင်ငံ၊ ရွှေလီ၊ မန်ရှီ၊ ကူမင်း စသည့်မြို့များရှိ အလုပ်ရုံများ၊ စက်ရုံ များနှင့် အထည်ချုပ် လုပ်ငန်းများတွင် တစ်လလျှင် အနည်းယွမ် ၁၇၀၀ အထက် ရမည်ဟု ကြော်ငြာ ထားသည် ဟု ဆိုကြသည်။
မြန်မာနိုင်ငံအနှံ့မှ အလုပ်လုပ်ချင်သူများကို ပွဲစားများက တရုတ်နိုင်ငံတွင် အလုပ်ကောင်းပြီး လစာကောင်း ရမည်ဟု မက်လုံးပေး ပြောဆိုခေါ်ယူထားကာ ဂိုဒေါင်များတွင် ပိတ်လှောင်ထားသည်ဟုလည်း TNLA ၏ ဒီဇင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်က ဆိုသည်။
အစားအသောက်များလည်း ပုံမှန်မကျွေးသည့်အပြင် နေရပ်ကို ပြန်လိုသူများကို ပွဲစားများက လျော်ကြေးငွေ ကျပ်သိန်း ၆၀ တောင်းနေကြောင်း ပိတ်လှောင်ခံထားရသူများထဲမှ အချို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျန်ရှိနေသူများမှာ အကူအညီမရဖြစ်နေသည်ဟု TNLA က ဆိုသည်။
(ဓါတ်ပုံ – ပုံဟောင်း)