ကရင်နီရှိ စစ်ကောင်စီ စခန်းများအားလုံး ယခုနှစ်အတွင်း အပြီး သိမ်းပိုက်မည်ဟု KNDF ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို ယခုနှစ်ထဲ အပြီးပြတ် သိမ်းပိုက်နိုင်ရန် လုပ်ဆောင် သွားမည် ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဒု ဥက္ကဋ္ဌ နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌလည်းဖြစ်သူ ခွန်းဘီထူးက ပြောသည်။
၂၀၂၅ ခုနှစ်ထဲ ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစား လုပ် ဆောင်သွားကြမည်ဟု ခွန်းဘီထူးက ဇန္နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
ခွန်းဘီထူးက “နှစ်သစ်တွေတိုင်းမှာ ကျနော်တို့ သံန္ဓိဌာန် အသီးသီးတွေ ချကြတဲ့ထဲမှာပေါ့နော်။ ကျနော်တို့ အတွက်ဆိုရင် အရှင်းလင်းဆုံးချရမဲ့ သံန္ဓိဌာန်က ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားကတော့ တော်လှန်ရေး တာဝန် တွေပဲ ဖြစ်တယ် ပေါ့နော်။ ကျနော်တို့ ၂၀၂၅ ထဲမှာ ကရင်နီပြည်မှာ ဆိုရင်တော့ စခန်းတွေကို အပြတ် သိမ်းနိုင်ဖို့ အတွက် ကျနော်တို့ လုပ်ပါ့မယ်” ဟု ပြောသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း အောင်ပွဲများ ရရှိနိုင်ရန် ပြင်ဆင် နေပြီဟု ခွန်းဘီထူး က ဆက်ပြောသည်။
“ကျနော်တို့ အနေနဲ့ ဒီ ၂၀၂၅မှာ ကျနော်တို့ရဲ့အောင်ပွဲတွေကို ပိုဆွတ်ယူနိုင်ဖို့အတွက် ကျနော်တို့ ပြင်နေတယ်။ အဲ့ဒီအတွက်ကို ကျနော့် အနေနဲ့လည်း confident လုံးဝ ရှိလာတယ်ပေါ့နော်။“
ကရင်နီပြည်ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို ယခုနှစ်ထဲ အပြီးပြတ် သိမ်းပိုက်နိုင်ရန် မိဘနှင့် ပြည်သူလူထု အားလုံး၏ အားပေး ထောက်ပံ့မှုများသည် အဓိက ကျသည် ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ယခုကဲ့သို့ ပြော သည်။
၎င်း က “အားပေးမှုတွေက မိဘတွေရဲ့ အားပေးမှုမပါဘဲနဲ့ ပြည်သူတွေရဲ့ ထောက်ပံ့မှု မပါဘဲနဲ့ ကျနော်တို့ လုပ် နိုင်မှာ မဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ လက်ရှိ စခန်းသိမ်းတဲ့ဟာတွေကို ၂၀၂၅ ထဲမှာ အပြီးပြတ်လုပ်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးစားမယ် ဆိုတာကိုလည်း ပြောပြလိုပါတယ်” ဟု ပြောသည်။
ကရင်နီပြည်အတွင်း ၂၀၂၃ ခုနှစ်ထဲ လွိုင်ကော်မြို့သိမ်း တိုက်ပွဲဖြစ်သည့် တစ်လေးလုံး စစ်ဆင်ရေး အတွင်း ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များသည် အားတက်သရော ပါဝင်ခဲ့ကြပြီး ၂၀၂၄ ခုနှစ်မှ စတင်၍ တိုက်ပွဲအရှိန် အနည်းငယ်လျော့သွားခဲ့သည်ဟု ခွန်းဘီထူးက ပြောသည်။
လက်ရှိကာလတွင် ကရင်နီတော်လှန်ရေးတပ်များ အနေဖြင့် စစ်ကောင်စီ၏ ထိုးစစ်များကို စောင့်ကြည့်နေသည် ဟု ခွန်းဘီထူးက ဆိုသည်။
စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်လည် တိုက်ယူနိုင်ရန် တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းခြင်း၊ မြေပြင်ထိုးစစ်များဆင်ခြင်း၊ စစ်အင်အားတိုးချဲ့ခြင်းများ အပြင်း အထန် လုပ်နေသော်လည်း အောင်မြင်မှုမရရှိကြောင်း ခွန်းဘီထူးက ပြောသည်။
လက်ရှိအချိန်ထိ ယိုင်နဲ့နေပြီ ဖြစ်သော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေရန် အမြန် ဆုံး ဆက်လက် လုပ်ဆောင် ကြိုးစားသွားကြမည် ဟု ခွန်းဘီထူးက ဆိုသည်။