ရေတပ်သင်္ဘောကြီးများဖြင့် ပင်လယ်ပြင် စစ်ဆေးရေး လုပ်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီက သင်္ဘောကြီး နှစ်စီးဖြင့် ရေကြောင်း စစ်ဆေးရေးကို တင်းကျပ်စွာ လုပ်နေသည်ဟု အနီးဝန်းကျင်ရှိ ရွာသားများက ပြောသည်။

ကမ်းဝေးတွင် ယခင်က ကင်းလှည့်သွားလာနေသည့် စစ်ကောင်စီ သင်္ဘောနှစ်စီးက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း၌ ကမ်းရိုးတန်းအနီးထိ ဝင်ရောက်လာပြီး လှေကြီး၊ လှေငယ်အားလုံးကို အစစ်အဆေး တင်းကျပ်နေခြင်း ဖြစ်သည်။

အသက် ၅၀ အရွယ် တံငါလုပ်ငန်း လုပ်ကိုင်နေသည့် တီဇစ်ရွာသားတစ်ဦးက သင်္ဘောပေါ်ကနေ မှန်နဲ့ထိုးပြီး တော့လည်း ခေါ်တယ်။ စစ်သား လေးငါးယောက်ပါတဲ့ ဂျွန်ဆင်လှေနဲ့လည်း ကင်းလှည့်ရာကနေပြီး ခေါ်တယ်။ တခါတလေ လှေတွေဆီကို သွားကပ်ပြီးတော့လည်း စစ်ဆေးရှာဖွေသေး တယ်။ ဘယ်ရွာကလည်းဆိုတာ မေး တယ်။ PDF အကြောင်းကို အဓိကမေးတယ်ဟု ပြောသည်။

ခေါ်ယူခဲ့ရာတွင် မလာသည့် လှေများကိုမူ သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ပြီး ခေါ်ယူတာမျိုးလည်း ရှိနေသည် ဟု တီဇစ်ရွာသားများက ဆိုသည်။

ဇန္နဝါရီလ ပထမအထိ လောင်းလုံးမြို့နယ်ထဲက တီဇစ်ကျေးရွာ အနောက်ဘက်တွင် အမှတ် – ၅၆၅ စစ်သင်္ဘော တစ်စီးနှင့် စစ်ကောင်စီ၏ ဂျွန်ဆင် လှေတစ်စီး ပုံမှန်ကင်းလှည့်နေပြီး ထော့နန်းကျေးရွာ အနောက်ဘက်တွင် လည်း  နောက်ထပ် စစ်သင်္ဘောတစ်စီး ရှိနေသည်ဟု ရွာသားများက ဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် ချန်နယ်များတွင်လည်း တီဇစ်ကျေးရွာနှင့် ပညစ်ကျေးရွာတို့ အပါအဝင် လောင်းလုံးမြို့ နယ် အတွင်းက ဆိပ်ကမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ အသုံးပြုနေသည်ဟု ဒီဇင်ဘာလမှ စတင်ပြီး လှုံဆော်ရေးသားမှုများ ရှိနေသည်။

စစ်ကောင်စီတပ်ဖွဲ့က ရေကြောင်းမှ အစစ်အဆေး တင်းကျပ်လာခြင်းကြောင့် လုံခြုံရေးနှင့် ပတ်သက်ပြီး တံငါလုပ်ကိုင်သည့် ရွာသားများက စိုးရိမ်နေကြသည်။

တံငါရွာလေးတစ်ရွာဖြစ်သည့် တီဇစ်ကျေးရွာတွင် တီဇစ်ကမ်းခြေနှင့် ဖိုးလမော်ကမ်းခြေဟူ၍ ကမ်းခြေနှစ်ခုရှိပြီး ရွာသားများ၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ငါးဖမ်းလုပ်ငန်း ဖြစ်သည်။ 

လက်ရှိတွင် စစ်တပ်၏ စစ်ဆေးမှုများ တင်းကျပ်လာသောကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအား ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။

PDF များနှင့် သက်ဆိုင်သည့် သတင်းများကို ရယူချင်သောကြောင့် စစ်ကောင်စီမှ ယခုကဲ့သို့ လုပ်နေကြခြင်း ဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကျွန်းစုမြို့နယ်နှင့် ပုလောမြို့နယ်ရှိ ပင်လယ်ပြင်များတွင် ရေကြောင်း စစ်ဆေးမှုများကို တင်းကျပ်စွာ ပြုလုပ်ခဲ့ဖူးသည်။